Homeသတင်းပေါင်မြို့မရဲစခန်းမှ နယ်ထိန်းရဲတစ်ဦး သေနတ်ဖြင့် ပစ်ခံရပြီး သေဆုံး

ပေါင်မြို့မရဲစခန်းမှ နယ်ထိန်းရဲတစ်ဦး သေနတ်ဖြင့် ပစ်ခံရပြီး သေဆုံး

-

မွန်ပြည်နယ်၊ ပေါင်မြို့မရဲစခန်းမှ နယ်ထိန်းရဲတပ်သားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း မြို့ခံတို့ထံမှ သိရသည်။  

စက်တင်ဘာ ၃ ရက် ညနေ ၅ နာရီခွဲအချိန်ခန့်က ပေါင်မြို့မရဲစခန်းမှ နယ်ထိန်းရဲတပ်သား ကိုကိုလွင်ဆိုသူသည် မိုးနိုင်းဘက်မှ ဆိုင်ကယ်ဖြင့်မောင်းနှင်လာစဥ် မိုးနိုင်းရပ်ကွက်နှင့် ပေါင်းရပ်ကွက်ကြား ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်တွင် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။

“ဆိုင်ကယ်နဲ့ နောက်ကနေ လိုက်လာပြီးတော့ ပစ်သွားတာ။ သေနတ်သံ ဆယ်ချက်လောက်ရှိမယ်။ ပစ်သွားတာ” ဟု မြို့ခံတစ်ဦးက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရဲတပ်သား ကိုကိုလွင်၏ မျက်နှာ၊ ရင်ဘတ်နှင့် ဗိုက်တို့တွင် ရရှိသည့်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးခဲ့‌သည်။

ပစ်သတ်ခံရပြီး ၁၅ မိနစ်ခန့်အကြာတွင် ပေါင်မြို့နယ်ရဲစခန်းမှ ၎င်း၏ ရုပ်အလောင်းကို လာရောက်သယ်ယူသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

သေဆုံးသူ နယ်ထိန်းရဲတပ်သား ကိုကိုလွင်သည် ပေါင်မြို့နယ်ရဲစခန်းမှ မိုးနိုင်းရပ်ကွက်အပိုင်နယ်ထိန်းရဲဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်နေ့ ညနေပိုင်းကလည်း ဇင်းကျိုက်နယ်မြေရဲစခန်းမှ နယ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးသည် ပေါင်မြို့နယ် ပန်းကုန်းကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းမတွင်  ပစ်သတ်ခံခဲ့ရသည်။

ဇူလိုင်လအတွင်းကလည်း ပေါင်မြို့နယ် ဥတ္တံတားကျေးရွာ ရန်‌ကုန်-မော်လမြိုင်ကားလမ်းဘေးရှိ စားသောက်ဆိုင်တစ်ခုတွင် ထိုင်နေသည့် နယ်ထိန်းရဲ တစ်ဦးနှင့် အရပ်သားတစ်ဦး ပစ်သတ်ခံခဲ့ရသေးသည်။

မွန်ပြည်နယ် ပေါင်မြို့နယ် ပေါင်မြို့နှင့် ဇင်းကျိုက်မြို့ကြား ရန်ကုန်-မော်လမြိုင်ကားလမ်းတလျှောက်တွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့နောက်ပိုင်း ရဲတပ်ဖွဲ့ဝင် ၄ ဦး၊ ရာအိမ်မှူး ၁ ဦး နှင့် အရပ်သား ၃ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးထားကြောင်း ဒေသခံတို့၏ ပြောကြားချက်များအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts