မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး-သံဖြူဇရပ်ကားလမ်းတွင် ခရီးသည်တင်မှန်လုံကားတစ်စီးပစ်ခတ်ခံရပြီး ခရီးသည်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရသည်။
သြဂုတ်လ ၂၄ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်ခန့်က ရန်ကုန်မှ မြိတ်ဘက်သို့ ထွက်ခွာလာသည့် ရွှေပုလဲသီ ခရီးသည်တင်မှန်လုံကားတစ်စီးသည် ရေး-သံဖြူဇရပ်လမ်းပိုင်း လိမ္မော်ခြံကျေးရွားအနီးအရောက်တွင် လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်။
ခရီးသည် ၃၃ ဦး တင်ဆောင်လာသည့်အဆိုပါ မှန်လုံကား ပစ်ခတ်ခံရမှုကြောင့် ဦးတင်ထွေးနှင့် မဝါဝါဝင်းဆိုသည့် ခရီးသည်နှစ်ဦး ကားမှန်စထိမှန်ပြီး ဒဏ်ရာရရှိခဲ့သည်။
ဒဏ်ရာရရှိသည့် ခရီးသည်နှစ်ဦးကို ရေးမြို့တွင် ဆေးထည်းပြီးနောက် ကားသည် မြိတ်မြို့သို့ ဆက်လက်ထွက်ခွာသွားခဲ့သည်ဟု သိရသည်။
ရေး-သံဖြူဇရပ်ကားလမ်းတွင် လိမ္မော်ခြံကျေးရွာအနီးတွင် ပြီးခဲ့သည့် ဧပြီလကလည်း အိမ်စီးကားတစ်စီး ပစ်ခတ်ခံရပြီး အရပ်သား အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဥ် ဖြစ်ပွားခဲ့သေးသည်။
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာ၊ ရေး-သံဖြူဇရပ်ကားလမ်းပိုင်းတွင် ခရီးသည်တင်ယာဥ်တစ်စီး ပစ်ခတ်ခံရပြီး အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၁၆ ရက်နေ့ကလည်း ရေး-သံဖြူဇရပ်ကားလမ်းပိုင်း နှစ်ကရင်ကျေးရွာတွင် ခရီးသည်တင်ယာဥ်တစ်စီး ပစ်ခတ်ခံရပြီး အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်။
ရေး- သံဖြူဇရပ်ကားလမ်းတလျှောက်တွင် စစ်ကောင်စီယာဥ် ပစ်ခတ်ခံရသည့်ဖြစ်စဥ် မကြာခဏဖြစ်ပွားနေသည့်အပြင် အရပ်သားကား၊ ခရီးသည်တင်ကား၊ ကုန်တင်ကားနှင့် ဆိုင်ကယ် ပစ်ခတ်ခံရသည့်ဖြစ်စဥ် မကြာခဏဖြစ်ပွားလေ့ရှိသည်။
ရေး-သံဖြူဇရပ်ကားလမ်းတလျှောက် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့တို့က ကြိုးပမ်းလျက်ရှိပြီး လမ်းတလျှောက် စစ်းဆေးမှုတွေလည်း လုပ်ဆောင်နေသည်။