Thursday, March 12, 2026
More
    spot_img
    Homeသတင်းရေး-သံဖြူဇရပ်ကားလမ်းတွင် ခရီးသည်တင်ယာဥ်ပစ်ခတ်ခံရမှုကြောင့် အမျိုးသမီးတစ်ဦးဒဏ်ရာရ

    ရေး-သံဖြူဇရပ်ကားလမ်းတွင် ခရီးသည်တင်ယာဥ်ပစ်ခတ်ခံရမှုကြောင့် အမျိုးသမီးတစ်ဦးဒဏ်ရာရ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာ၊ ရေး-သံဖြူဇရပ်ကားလမ်းပိုင်းတွင် ခရီးသည်တင်ယာဥ်တစ်စီး ပစ်ခတ်ခံရပြီး အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ယမန်နေ့ ဩဂုတ်လ ၁၆ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်က ရေးဘက်မှ သံဖြူဇရပ်ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ယာဥ်တစ်စီးသည် နှစ်ကရင်ကျေးရွာ အောင်သုခဆီဆိုင်အနီးတွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

    သေနတ်ဖြင့် ပစ်ခတ်ခံရတာကြောင့် ရေးမြို့ အဏ္ဏဝါရပ်ကွက်နေ မမေရတနာထွန်းဆိုသည့် အမျိုးသမီးတစ်ဦးသည် ဝဲဘက်ရင်အုံတွင် ကျည်ဖောက်ဝင်ဒဏ်ရရှိခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

    “ကျည်ထိမှန်သွားတဲ့ အမျိုးသမီးက ရေးကလို့ သိရတယ်။ ကားကို သေနတ်ပစ်တာ ပစ်တော့ ကားပေါ်ပါလာတဲ့လူကို သွားထိတာ။ ဘယ်အဖွဲ့က လုပ်တာလဲတော့ ကျွန်တော်တို့လဲ မသိဘူး” ဟု ရေးဒေသခံတစ်ဦးက ပြောသည်။

    သေနတ်ဒဏ်ရာရှိခဲ့သည့် မမေရတနာထွန်းကို လက်ရှိတွင် မော်လမြိုင်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသည်ဟုလည်း သိရသည်။

    ခရီးသည်တင်ယာဥ်ကို မည်သည့်အဖွဲ့အစည်းက မည်သည်အကြောင်းကြောင့် ပစ်ခတ်ခဲ့သည်ကို လွတ်လပ်သောမွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

    ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း ရေး-သံဖြူဇရပ်ကားလမ်းပိုင်းတွင် အိမ်စီးကားတစ်စီး ပစ်ခတ်ခံရသည့်ဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သေးသည်။

    သံဖြူဇရပ်-ရေးကားလမ်းတလျှောက်တွင် စစ်ကောင်စီယာဥ် ပစ်ခတ်ခံရသည့်ဖြစ်စဥ် မကြာခဏဖြစ်ပွားနေသည့်အပြင် အရပ်သားကား၊ ခရီးသည်တင်ကား၊ ကုန်တင်ကားနှင့် ဆိုင်ကယ်  ပစ်ခတ်ခံရသည့်ဖြစ်စဥ် မကြာခဏဖြစ်ပွားလေ့ရှိသည်။

    ၎င်းပြင် ရေး-သံဖြူဇရပ်ကားလမ်းတလျှောက်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှုလည်း မကြာခဏဖြစ်ပွားနေပြီး အရပ်သား ထိခိုက် သေဆုံးမှုရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks