စစ်အုပ်ချုပ်ရေးကြေညာထားသည့် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလမြို့တွင် စစ်ကောင်စီတပ်နှင့် နီး စပ်ပတ်သက်သည့် နေအိမ်နှစ်လုံး ယမန်နေ့နံနက်ပိုင်းက မီးရှို့ခံရသည်ဟု ဒေသခံတို့ထံမှ သိရသည်။
သြဂုတ်လ ၁၅ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်အချိန်ခန့်က ပလမြို့၊ အမှတ် ၃ ရပ်ကွက် ရဲစခန်းအနီးရှိ ဦးတင်ညွန့်၏ တစ်ထပ်တိုက်နေအိမ် မီးရှိုခံရကာ တစ်ရက်ကွက်တည်းနေ ဦးမျိုးမင်းဦး၏ နှစ်ထပ်တိုက်နေအိမ်လည်း မိုင်းခွဲခံရပြီး မီးရှို့ခံရသည်ဟု ဆိုသည်။
“ဦးမျိုးမင်းဦးအိမ်က အရင်က ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားတာ အာဏာသိမ်းပြီးကတည်းက ဆိုင်ပါပိတ်ပြီး ပြည်သူ့စစ်သင်တန်းတွေတက်ပြီး ရဲစခန်းမှာပဲနေနေတာ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ နေအိမ်မီးရှို့ခံရသည့်ဖြစ်စဥ်နှင့် ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ် PDF က လုပ်ဆောင်သည်ဟု ဒေသခံတို့က ပြောဆိုနေကြသော်လည်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဘက်က သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။
ဦးတင်ညွှန့်သည် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သားဖြစ်သူမှာလည်း အမှတ်(၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဖြစ်ကြောင်း အထက်ပါဒေသခံအမျိုးသားက ဆက်ပြောသည်။
ဒေသခံတို့အဆိုအရ မီးရှိုခံရသည့် ဦးမျိုးမင်းဦးနေအိမ်တွင် လူမရှိကြောင်း၊ ဦးတင်ညွန့်နေအိမ်မှာတော့ လူရှိနေသော်လည်း မီးရှို့ခံရမှုကြောင်း လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ဆိုသည်။
မီးရှို့မှု ဖြစ်စဉ်တွင် မီးငြိမ်းသတ်မှု အချိန်မီလုပ်နိုင်ခဲ့သည့်အတွက် ဘေးအိမ်တွေဆီ မီးကူးတာတွေ မဖြစ်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
မီးရှို့မှုဖြစ်ပွားပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပြန်သွားချိန်တွင် စစ်ကောင်စီတပ်စွဲထားသည့် တောင်ကုန်းပေါ်မှ ကျေးရွာထဲ လက်နက်ကြီးများဖြင့် နာရီဝက်ခန့်ပစ်ခတ်မှု လုပ်ဆောင်ခဲ့သလို ပလရဲစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့မှလည်း ရပ်ကွက်ထဲ ကင်းလှည့်တာ၊ သေနတ်ဖြင့် ပစ်ခတ်တာ လုပ်ဆောင်ခဲ့သည်ဟုလည်း ဒေသခံတို့က ပြောသည်။