Homeသတင်းရေဖြူမြို့နယ်၊ ဧကနိရွာက နေအိမ် ၄၀ ဝန်းကျင်ခန့်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်စီးခဲ့

ရေဖြူမြို့နယ်၊ ဧကနိရွာက နေအိမ် ၄၀ ဝန်းကျင်ခန့်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်စီးခဲ့

-

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာထဲရှိ ဧကနိရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့သည့်အတွက် နေအိမ်အလုံး ၄၀ ခန့် မီးလောက်ပျက်စီးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

စစ်ကောင်စီတပ်တို့က သြဂုတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းအချိန်ခန့်က လက်နက်ကြီး၊ လက်နယ်ငယ်များဖြင့် ပစ်ခတ်ပြီး ဧကနိရွာရှိ နေအိမ်များကို စတင်မီးရှို့ခဲ့ကြောင်း နေအိမ် ၄၀ လုံးခန့် မီးလောက်ပျက်စီးခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

“ည ၈ နာရီလောက်အထိကို မီးက လောင်နေတာ။ အိမ်တွေကို အတန်းလိုက် မီးရှို့လိုက်တာ။ လက်ရှိမှာတော့ ဘယ်သူမှ ရွာနားမကပ်ရဲသေးဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိအချိန်အထိ စစ်ကောင်စီတပ်များသည် ဧကနိရွာတဝိုက်တွင် တည်ရှိနေဆဲဖြစ်ပြီး နေအိမ်များ ဖောက်ထွင်းကာ တန်ဖိုးကြီးပစ္စည်းများ ခိုးယူမှုပြုလုပ်နေသည်ဟုလည်း ဆိုသည်။

ယနေ့ သြဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းကလည်း ဧကနိရွာအနီး တောထဲတွင် စစ်ဘေးရှောင်နေကြသည့် ဘုန်းကြီးတစ်ပါးနှင့် အရပ်သားတစ်ဦးတို့ကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ပြီး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သေးသည်။

ဝါးဇွမ်းတောကျေးရွာတွင် ဩဂုတ်လ ၁၁ ရက်နှင့် ၁၂ ရက်နေ့ကလည်း နေအိမ် နှစ်လုံးနှင့် တဲတစ်လုံးကို စစ်ကောင်စီတပ်တို့က မီးရှို့ဖျက်ဆီးခဲ့သည်။

စစ်ကောင်စီတပ်သည် နဘုလယ်ဒေသကို ဩဂုတ်လ ၈ ရက်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဧကနိ၊ ရငဲ၊ ဝါးဇွမ်းတော၊ ကုန်းသာယာအင်း အစရှိသည့်ကျေးရွာသို့ ဩဂုတ်လ ၉ ရက်က ရောက်ရှိလာကြောင်း ဒေသခံတို့ထံမှ သိရသည်။

စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ဒေသခံ လေးထောင်နီးပါး ဘေးလွတ်ရာ ထွက်ပြေးနေကြရပြီး အစားအသောက်နှင့် နေရာထိုင်ခင်းအတွက် အကူအညီလိုအပ်နေသည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် ဩဂုတ်လ ၈ ရက်နေ့ကစပြီး လဲရှောင်၊ ထိန်ကြီး၊ ဝက်ချောင်း၊ ခမောင်းချောင်း၊ ဧကနိ၊ ရငဲ ဝါးဇွမ်းတော၊ ကုန်းသာယာအင်းရွာများကို စစ်ကြောင်းထိုးလာပြီးနောက် ဒေသခံ အမျိုးသား၊ အမျိုးသမီး နှစ်ဆယ် ထက်မနည်းကို ဖမ်းဆီးထားပြီး အချို့ကိုသာ ပြန်လွတ်ပေးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts