spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းဘီးလင်းတွင် ရေကြီးရေလျှံမှုကြောင့် လူ ၈၃၀၀ ကျော် ပြောင်းရွှေ့ထားရ

    ဘီးလင်းတွင် ရေကြီးရေလျှံမှုကြောင့် လူ ၈၃၀၀ ကျော် ပြောင်းရွှေ့ထားရ

    -

    မွန်ပြည်နယ်၊ ဘီးလင်းမြိုနယ်အတွင်း ရေကြီးရေလျှံမှုကြောင့် လူဦးရေ ၈၃၀၀ ကျော် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

    ဘီးလင်းမြို့နယ်အတွင်း သြဂုတ်လ ၃၁ ရက်နေ့ကစပြီး မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် သြဂုတ် ၂ ရက်နေ့တွင် ဘီးလင်းမြစ်ရေ စတင်မြင့်တက်လာခဲ့ရာမှ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအများစုတို့တွင် ရေးကြီးရေလျှံမှုဖြစ်ပွားခဲ့သည်။

    လက်ရှိတွင် ရေကြီးနစ်မြုပ်နေသည့် ရပ်ကွက်ကျေးရွာတို့မှ အိမ်ခြေ ၁၇၇၀ ကျော်၊ အိမ်ထောင်စု ၁၇၇၀ ကျော်တို့မှ လူဦးရေ ၈၃၃၀ ကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

    ရေဘေးသင့်ပြည်သူများအတွက် ဘီးလင်းမြို့ပေါ်က စာသင်ကျောင်းနှင့် ဘုန်ကြီးကျောင်းတို့တွင် ယာယီကယ်ဆယ်ရေးစခန်း ၂၇ ခု ဖွင့်လှစ်ထားကြောင်းလည်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့က ပြောသည်။

    “ပြီးခဲ့တဲ့ရက်က ပြောင်းရွေ့ပေးရတာ ၁၀၀၀ လောက်ပဲ ရှိသေးတယ်။ အခုက မြစ်ရေက ဆက်တိုက်တိုးနေတော့ တော်တော်များများမြှုပ်ကုန်ပြီ” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

    မိုးအဆက်မပြတ်ရွာသွန်းနေဆဲဖြစ်ပြီး ဘီးလင်းမြစ်ရေလည်း ဆက်လက်မြင့်တက်နေသည့်အတွက် ရွှေ့ပြောင်းရမည့်သူ များလာနိုင်ကြောင်းလည်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့က ပြောသည်။

    လက်ရှိတွင် ရေဘေးသင့်ပြည်သူများအတွက် သောက်သုံးရေနှင့် စားနပ်ရိက္ခာ အကူအညိလိုအပ်နေကြောင်း  ဘီးလင်းမြို့ခံ လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

    “အဓိက သောက်သုံးရေနဲ့ စားနပ်ရိက္ခာပေါ့ လျှပ်စစ်မီးကလည်း အဆင်မပြေဘူး။ မိုးလည်းရွာနေတော့ ထင်းနဲ့  ထမင်းဟင်းချက်ဖို့ကလည်း အဆင်မပြေဘူးလေ။ အကူအညီပေးတဲ့အဖွဲ့တွေကတော့ ကူညီပေးနေတယ်” ဟု ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။

    ဘီးလင်းမြစ်ရေ တိုးလာသည့်အတွက် ဘီးလင်းမြို့ပေါ်ရပ်ကွက်၊ ကျေးရွာများ ရေကြီးနစ်မြုပ်နေသည့်အပြင် ဘီးလင်းမြို့နယ် ရန်ကုန်-မော်လမြိုင်ကားပိုင်း ရေကျော်နေပြီး ရေစီးသန်နေသည့်အတွက်ကြောင့်  ကားများဖြတ်သန်းသွားလာခွင့်ကို ယာယီပိတ်ထားရကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

    “ဒီနေ့ (သြဂုတ် ၉ ရက်) မနက်ပိုင်းမှာ ရေက ပိုပြီးတက်လာတယ်။ ရေစီးလည်းပိုသန်လာတယ်။ အဲ့ဒီအတွက် ဘီးလင်းမြို့ဘက်နဲ့ သထုံဘက်ကတက်လာရင် မစောတံတားထိပ်နေရာကနေ မော်တော်ယာဥ်တွေ ဖြတ်သန်းခွင့်ပိတ်ထားတယ်” ဟု ဆိုသည်။

    ဘီးလင်းမြို့မြစ်ရေသည် ဩဂုတ်လ ပထမအပတ်အတွင်းမှ စတင်မြင့်တက်ခဲ့ရာ ဩဂုတ်လ ၈ ရက်နေ့ ညနေ ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ မြစ်ရေ၏ စိုးရိမ်ရေအမှတ်နှင့်အထက် ၁၀၉၀ စင်တီမီတာ ရှိပြီး ယနေ့ ဩဂုတ် ၉ ရက် နံနက် ၆နာရီခွဲတိုင်းတာချက်အရ ဘီးလင်းမြစ်ရေသည် ၁၀၉၅ စင်တီမီတာရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

    အလားတူ ဘီးလင်းမြစ်အောက်ပိုင်းရှိ သထုံမြို့နယ် ဒုံဝန်းကျေးရွာအုပ်စုတွင်လည်း ဘီးလင်းမြစ်ရေတိုးလာသည့်အတွက် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး အနိမ့်ပိုင်း နေထိုင်သူများ ရွှေ့ပြောင်းနေရသည်ဟု လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

    မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ကျိုက်မရော၊ ပေါင်မြို့နယ်တို့တွင် ရေကြီးရေလျှံမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ကလေးအပါအဝင် ၄ ဦး ရေနစ်သေဆုံးခဲ့သည့်အပြင် တောင်ပြိုမှု၊ အုတ်တံတိုင်းပြိုကျမှုကြောင့် လူထိခိုက်မှုရှိခဲ့ပြီး ထောင်နှင့်ချီသည့်ပြည်သူများ ပြောင်းရွှေ့ရသည်လည်းရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks