spot_img
Saturday, March 7, 2026
More
    spot_img
    Homeသတင်းမွန်စျေးကွက်အတွင်း ဆန်စျေး ထပ်မံမြင့်တက်လာ

    မွန်စျေးကွက်အတွင်း ဆန်စျေး ထပ်မံမြင့်တက်လာ

    -

    မွန်ပြည်နယ်စျေးကွက်အတွင်း ဆန်စျေးနှုန်း ထပ်မံမြင့်တက်လာကြောင်း စားသုံးသူနှင့် ဆန်ရောင်းဝယ်သူတို့ထံမှ သိရသည်။

    စစ်ကောင်စီက ကျပ်နှစ်သောင်းတန်ငွေစက္ကူအသစ် ထုတ်ဝေမည်ဟု ကြေညာခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့နောက်ပိုင်း ဆန်စျေးများ ထပ်မံမြင့်တက်လာခြင်းဖြစ်ကြောင်း ဆန်ကုန်သည်တို့ထံမှ သိရသည်။

    ဆန်အမျိုးအစားပေါ်မူတည်ပြီး ဆန်တစ်အိတ်လျှင် ကျပ် ၅၀၀၀ ကနေ ကျပ် ၁၀၀၀၀ အထိ စျေးမြင့်တက်လာခဲ့ကြောင်း ဆန်စျေးကွက်အတွင်းမှ သိရသည်။

    “နှစ်သောင်းတန် ဂယက်နဲ့ ဆန်စျေးတွေ ထပ်တက်လာတယ်။ အဝယ်ကတော့ အရင်လို မရှိဘူး။ သိပ်မရောင်းရဘူး။ တစ်ဝက်လောက် လျော့ကျသွားတယ်” ဟု မုဒုံမှ ဆန်ကုန်သည်တစ်ဦးက ပြောသည်။

    စျေးကွက်အတွင်း ရွှေဘိုပေါ်ဆန်းမွှေး တစ်အိတ် ၁၀၂၀၀၀ ကျပ်ရှိရာမှ လက်ရှိတွင် ၁၁၂၀၀၀ ကျပ် စျေးတက်သွားပြီး ရိုးရိုးပေါ်ဆန်းမွှေး တစ်အိတ် ကျပ် ၆၅၀၀၀ ရှိရာမှ ကျပ် ၇၀၀၀၀ စျေးတက်သွားသည်ဟု ဆိုသည်။

    ဆန်မာအုပ်စုဝင် ဆန်များလည်း တစ်အိတ် ၄၈၀၀၀ ကျပ်ရှိရာမှ လက်ရှိတွင် တစ်အိတ် ၅၃၀၀၀ ကျပ် စျေးတက်သွားခဲ့သည်။

    ကျပ်နှစ်သောင်းတန်ဂယက်ကြောင့် စျေးကွက်အတွင်း အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်အပြင် ဆီနှင့် အခြားစားသောက်ကုန်ပစ္စည်းများ အသုံးအဆောင်ပစ္စည်းများလည်း စျေးတက်လာသည်ဟု စားသုံးသူတို့ထံမှ သိရသည်။

    “ဆန်စျေးတွေအပြင်ကို ဆီတို့ အခြားကုန်ပစ္စည်းတွေ အကုန်လုံး စျေးတက်လာတာ။ စျေးတခါသွားဝယ်ရင် တခါမျက်လုံးပြူးနေရတယ်။ စျေးနှုန်းတွေကလည်း သိတဲ့အတိုင်းပဲ တက်ပြီးရင် ပြန်ကျတာ ဘာမရှိဘူး။ အခြေခံလူတန်စားတွေအတွက် ငတ်မယ့်အခြေအနေရောက်နေတယ်” ဟု မော်လမြိုင် အိမ်ရှင်မတစ်ဦးက ပြောသည်။

    ကျပ်နှစ်သောင်းတန် ငွေစက္ကူအသစ် ထုတ်ဝေမည်ဟု စစ်ကောင်စီက ကြေညာပြီးနောက် မွန်ပြည်နယ်အပါအဝင် နိုင်ငံတဝန်းတွင် ဆန်၊ ဆီ၊ ဆား အစရှိသည့် အခြေခံစားသောက်ကုန်များ ဈေးမြင့်တက်လာသလို ဒေါ်လာစျေး၊ ရွှေစျေးလည်း မြင့်တက်လာခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks