မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာလမ်းဆုံအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ခရီးသွား ပရိုဘောက်စ် ကားတစ်စီး ပစ်ခတ်ခံရပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။
ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က ရန်ကုန်မှ ထားဝယ်ဘက်သို့ ယာဥ်မောင်းနှင့် ခရီးသွားနှစ်ဦး လိုက်ပါ စီးနင်းလာသည့် ပရိုဘောက်စ် ကားသည် ရွှေရောင်ပြကျေးရွာလမ်းဆုံအနီးအရောက်တွင် လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရသည်ဟု ဆိုသည်။
ပစ်ခတ်ခံရမှုကြောင့် ကားပေါ်ပါ မောင်ကိုကိုနိုင်ဆိုသည့်အမျိုးသားတစ်ဦး ညာဘက်ပေါင်တွင် ကျည်ဖောက်ဝင်ဒဏ်ရာ နှစ်ချက်ရရှိပြီး ယာဥ်မောင်းနှင့် အမျိုးသမီးတစ်ဦးကတော့ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘူးလို့ သိရသည်။
ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည့် အမျိုးသားကို လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့က သထုံခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
စစ်ကောင်စီထောက်ခံတယ်လီဂရမ်ချန်နယ်တွေမှာတော့ အဆိုပါ ခရီးသွားကားကို KNU/PDF အဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ရေးသားထားပြီး ဒေသတွင်းလှုပ်ရှားနေသည့် KNU/PDF တို့ဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးပေ။
ပြီးခဲ့သည့် မေလကုန်ပိုင်းကလည်း ရန်ကုန်-မော်လမြိုင်ကားလမ်း ရွှေရောင်ပြကျေးရွာအနီးတွင် ၆ ဘီး ကုန်တင်ကားတစ်စီး မိုင်းဆွဲခံရပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရမှုကြောင့် အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သေးသည်။
မွန်ပြည်နယ်၊ သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်အတွင်းရှိ ရန်ကုန်-မော်လမြိုင်ကားလမ်းတလျှောက်တွင် ခရီးတင်သည်ကားများနှင့် ကုန်တင်ကားများ မိုင်းဆွဲခံရသည့်ဖြစ်စဥ်၊ ပစ်ခတ်တိုက်ခိုက်ခံရသည့်ဖြစ်စဥ်များ မကြာခဏဖြစ်ပွားလေ့ရှိပြီး လူထိခိုက်သေဆုံးမှုလည်း ရှိခဲ့သည်။
အဆိုပါ ခရီးသည်ကားများ၊ ကုန်တင်ကားများ မိုင်းဆွဲခံရမှု၊ ပစ်ခတ်ခံနေရမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီနှင့် ဒေသတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား အပြန်အလှန်စွပ်စွဲနေကြသည်။