Tuesday, March 10, 2026
More
    spot_img
    Homeသတင်းမိုင်းခွဲဖျက်ဆီးခံရသည့် ကျုံအိတ်တံတား လုံခြုံရေးအခြေအနေကြောင့် ပြန်မပြင်နိုင်သေး

    မိုင်းခွဲဖျက်ဆီးခံရသည့် ကျုံအိတ်တံတား လုံခြုံရေးအခြေအနေကြောင့် ပြန်မပြင်နိုင်သေး

    -

    မွန်ပြည်နယ်၊ သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြား ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က မိုင်းဖောက်ခွဲ ဖျက်ဆီးခံထားရသည့် ကျုံအိတ်တံတားကို လုံခြုံရေးအခြေအနေကြောင့် ပြန်ပြင်နိုင်ခြင်းမရှိသေးကြောင်း သထုံခရိုင်လမ်းဦးစီးဌာနနှင့် နီးစပ်သူတို့ထံမှ သိရသည်။

    မိုင်းဖောက်ခွဲဖျက်ဆီးခံရပြီး ပျက်စီးသွားသည့်အပိုင်းတွင် ယာယီဘေလီတံတားထိုးရန်ရှိသော်လည်း လုံခြံရေးအခြေအနေကြောင့် လုပ်ဆောင်နိုင်ခြင်းမရှိသေးကြောင်း သထုံခရိုင်လမ်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    “ယာယီဘေလီတံတားထိုးဖို့ ဖရိန်တွေက အဆင်သင့်ရှိနေပြီး။ ဒါပေမယ့် သက်ဆိုင်ရာက လုံခြုံရေး မပေးနိုင်တော့ သွားမလုပ်ရဲကြဘူးဖြစ်နေတယ်” ဟု ၎င်းက ဆက်ပြောသည်။

    အရှည် ၉၅ ပေ၊ လမ်းအကျယ် ၄၁ ပေရှိသည့် ကျုံအိတ်တံတားသည် မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့်အတွက် တံတားအကျယ် ၂၇ ပေခန့် ပျက်စီးသွားပြီး လက်ရှိတွင် ကျန်နေသည့် တံတားအကျယ် ၁၄ ပေပေါ်တွင်သာ ကားများ ဖြတ်သန်းသွားလာနေကြရသည်။

    ကျန်နေသည့်တံတားအကျယ် ၁၄ ပေပေါ်တွင် မော်တော်ယာဥ်ငယ်များ ဖြတ်သန်းသွားလာ အဆင်ပြေနေသော်လည်း ကုန်တင်ယာဉ်ကြီးများ၊ တွဲကားများ၊ ခရီးသည်တင်မှန်လုံယာဉ်ကြီးများအတွက် အန္တရာယ်များပြီး သတိပြုသွားလာနေကြရကြောင်း ယာဉ်မောင်းများ၏ ပြောကြားချက်များအရ သိရသည်။

    “တံတားမိုင်းခွဲခံရတဲ့နေ့နဲ့ နောက်တစ်နေ့က လမ်းပိတ်တယ်။ နောက်ပိုင်းရက်တွေတော့ လမ်းမပိတ်တော့ဘူး။ မိုင်းခွဲခံရပြီး ပြိုသွားတဲ့ဘက်ကို ဒီနေ့အထိတော့ ဘာမှ ပြင်ဆင်တာမျိုးမတွေ့ရသေးဘူး။ သတိပေးဆိုင်းဘုတ်တွေ ချထားတာမျိုးဘဲရှိသေးတယ်” ဟု ယာဉ်မောင်းတစ်ဦးက ပြောသည်။

    သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြား ကျုံအိတ်တံတားကို ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့တို့က ဇွန်လ ၂၉ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့်က မိုင်းဖောက်ခွဲခဲ့သည်။

    တံတားမိုင်းဖောက်ခွဲခံရသည့်ဖြစ်စဥ်အတွင်း အိမ်စီးကား နှစ်စီး ပြိုကျသွားသည့်တံတားနှင့်အတူ ပါသွားပြီး ကားပေါ်ပါ အမျိုးသားတစ်ဦး သေဆုံးကာ၊ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

    ထိုဖောက်ခွဲခံထားရသည့်တံတားကို လာရောက်ကြည့်ရှု့သည့် ဌာနဆိုင်ရာတပ်ဖွဲ့များလည်း ဇွန်လ ၂၉ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်ခန့်က တိုက်ခိုက်ခံရပြီး သထုံခရိုင်လမ်းဦးစီးမှူးသေဆုံးကာ ၂၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks