စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ လက်နက်ကိုင် စစ်ရေးပဋိပက္ခတွေကြောင့် တနသႅာရီတိုင်းဒေသကြီးက ပြည်သူလူထူအများအပြားလည်း စစ်ဘေးကနေ လွတ်မြောက်အောင် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ဒီကိစ္စနှင့်ပတ်သက်ပြီးတော့ စစ်ဘေးရှောင်အရေး ကူညီလုပ်ဆောင်နေတဲ့ ဒေါနတနသႅာရီ – စစ်ဘေးရှောင်များအထောက်ကူပြူရေးအဖွဲ့၏ မြေပြင်တာဝန်ခံဖြစ်သူ ကိုယောနသံကို လွတ်လပ်သောမွန်သတင်းအေဂျင်စီက ဆက်သွယ်မေးမြန်းထားပါတယ်။
မေး – လက်ရှိ တနသႅာရီတိုင်းဒေသကြီးက တိုက်ပွဲအခြေအနေ ဘယ်လိုရှိနေလဲဆိုတာ ပြောပြပေးပါ။
ဖြေ – တိုက်ပွဲအခြေနေကတော့ အရင်းကထက် ပိုပြီးတော့ ခပ်စိပ်စိပ်ဖြစ်လာတဲ့ အခြေအနေလို့ ပြောလို့ရတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းကလည်း ထားဝယ်မြို့နယ်ထဲမှာဆိုရင် သူတို့ (စစ်တပ်) ရိက္ခာပို့လာတာမျိုးရှိတယ်။ တိုက်ပွဲဖြစ်တာမျိုးရှိတယ်။ အဲဒီမတိုင်ခင် တစ်ပတ်၊ နှစ်ပတ်အလိုတုန်းက ဆိုရင် ကျွန်တော်တို့ ဒီသရက်ချောင်းမြို့နယ်ဘက်မှာဆိုရင်လည်း ဖြစ်နေတာတွေ ရှိပါတယ်။ ရွာထဲကို စစ်ကြောင်းထိုး ဝင်ရောက်ပြီးတော့ နေအိမ်မီးရှို့တာတွေရှိတယ်။ ပုလောမြို့နယ်နဲ့ တနသႅာရီမြို့ နယ်ဘက်မှာလည်း အရင်ကထက် တိုက်ပွဲတွေ ပိုများလာပြီး တော့ ခပ်စိပ်စိပ်ဖြစ်လာတယ်လို့ ပြောလို့ရတယ်။
မေး – တနသႅာရီတိုင်းဒေသကြီးတစ်ခုလုံးအနေနဲ့ ပြောရင် ဘယ်မြို့နယ်တွေမှာက တိုက်ပွဲဖြစ်ပွားမှုများလဲ။
ဖြေ – ကျွန်တော်တို့ အခုလောလောဆယ် အခြေအနေအရဆိုရင် ထားဝယ်မြို့နယ်က အများဆုံးလို့ ပြောလို့ရတယ်။ အရင်ကဆို တနသႅာရီမြို့နယ်နဲ့ ပုလောမြို့နယ်ကတော့ အများဆုံးလို့ ပြောလို့ရတယ်။ ပုလောကျတော့ အခုအခြေအနေမှာ စစ်ရေးအခြေနေတွေက အရင်ကလောက် ကြမ်းတမ်းတာတွေ မရှိတော့ဘူး။ အရင်ကလောက်လည်း တိုက်ပွဲတွေ အများကြီးဖြစ်နေတာမျိုး မရှိဘဲနဲ့ နည်းနည်းငြိမ်းနေတယ်လို့ ပြောလို့ရတယ်။ ကျွန်တော်တို့ ထားဝယ်မြို့နယ်မှာကြတော့ တိုက်ပွဲတွေက အခုဒီလပိုင်းအတွင်းမှာဆိုရင် ပိုပြီးတော့တောင် အရင်ကထက် ပိုအဖြစ်များလာတယ်။ တနသႅာရီတိုင်း ထားဝယ်မြို့နယ်မှာဆို ပိုပြီးတောင် တိုက်ပွဲဖြစ်ပွားမှု များတယ်လို့ ပြောလို့ရပါတယ်။
မေး – လက်နက်ပဋိပက္ခတွေကြောင့် တနသႅာရီတိုင်းဒေသကြီးမှာရှိတဲ့ ပြည်သူလူထုတွေ စစ်ဘေးရှောင်ရတဲ့အခြေအနေကရော ဘယ်လိုရှိနေလဲ။
ဖြေ – ကျွန်တော်တို့ (တနသႅာရီတိုင်းဒေသကြီး) မှာ စစ်ဘေးရှောင်ရတဲ့သူတွေ (၃) သောင်းကျော် လောက်ရှိပါတယ်။ ဒါကတော့ ကျွန်တော်တို့ တနသႅာရီတိုင်းဒေသတစ်ခုလုံးက ထွက်ပြေးတိမ်းရှောင် နေရတဲ့ စစ်ရှောင်လူဦးရေ စုစုပေါင်းပါ။ အဲဒီမှာ အမျိုးသမီးနဲ့ ကလေးပါဝင်မှုနူန်းကကျတော့ အချက်အလက်အတိအကျ ပြောဖို့ နည်းနည်းတော့ ခက်ခဲတယ်။ ဒါပေမဲ့ သေချာတာကတော့ အမျိုးသမီးတွေများတယ်။ ပြီးတော့ ကလေးပါဝင်မှုကလည်း များတယ်လို့ ပြောလို့ရပါတယ်။ အကြောင်းအရင်းက ဘာဖြစ်လို့ ကျွန်တော်တို့မှာ အဲဒီလိုဒေတာအချက်အလက်တွေ မရှိတာလဲဆိုတော့ အခြားဒေသတွေလိုမျိုး စစ်ရှောင်စခန်းနဲ့ အတည်တကျ ရှောင်တာမျိုး မဟုတ်ဘဲနဲ့ ရွာတွေထဲကို စစ်တပ်က စစ်ကြောင်းထိုး ဝင်လာတဲ့အခါ ရွာထဲကနေ ခဏဖြစ်ဖြစ်ပေါ့၊ နီးစပ်ရာ တောတောင်တွေနဲ့ ဥယျာဉ်ခြံတွေထဲမှာ ရှောင်လိုက်တာပေါ့နော်။ တကယ်လို့ ရွာထဲကနေ စစ်ကြောင်းထွက်သွားပြီ၊ တိုက်ပွဲတွေလည်း ရပ်သွားပြီဆိုရင် ရွာသားတွေက သူတို့ရွာကို ပြန်လာပြီးတော့ နေကြတယ်။ ဆိုတော့ ကျွန်တော်တို့မှာ ဒီလိုမျိုး စစ်ရှောင်စခန်းတွေမှာ ရောက်မလာနိုင်တဲ့သူမျိုးဆိုရင် မသန်းစွမ်းဦးရေတို့ သက်ကြီးရွယ်အိုတို့ ကိုယ်ဝန်ဆောင်တို့ ပါဝင်မှုအချိုးတွေပေါ့၊ အဲဒီလိုမျိုး ကျွန်တော်တို့ ဒေတာယူတဲ့အခါ အများကြီး အခက်ခဲရှိပါတယ်။ ကျွန်တော်တို့မှာ စစ်ရှောင်စခန်းနဲ့ စနစ်တကျနေတာဆိုလို့ ပုလောမြို့နယ်မှာပဲ စခန်း (၃) ခု ရှိပါတယ်။ ကျန်တဲ့နေရာအများစုကတော့ အဆင်ပြေသလိုပါပဲ။ စစ်တပ်တွေ ရွာထဲ ဝင်ရောက်လာရင် ရှောင်လိုက်တယ်။ စစ်တပ်တွေ ရွာကနေ ပြန်ထွက်ရင် သူတို့ရွာထဲပြန်ဝင်ပြီးတော့ အိမ်မှာပြန်နေကြတယ်။ လုပ်ကိုင်စားသောက်ကြတယ် အဲဒီလိုမျိုးတော့ ရှိပါတယ်။
မေး – စစ်ဘေးရှောင်နေရတဲ့ပြည်သူတွေအတွက်ကို ဘယ်လိုကူညီထောက်ပံ့မှုမျိုး ဆောင်ရွက်ပေး နေတာရှိလဲ။
ဖြေ – ကျွန်တော်တို့မှာ သီးသန့်ကူညီပေးတယ်ဆိုတာမျိုးတော့ မရှိပါဘူး။ ကိုယ်ဝန်ဆောင်တွေ ရှိတယ် ဆိုရင် သာမာန်လူတွေထက်ပိုပြီး ကိုယ်ဝန်ဆောင်တွေ အသုံးပြုနေတဲ့ ကလေးအနှီးတွေ၊ ကလေး အားဆေးတွေ ကိုယ်ဝန်ဆောင်အားဆေးတွေ ကာကွယ်ဆေးတွေ ထိုးပေးတာမျိုးပေါ့။ မသန်းစွမ်းတွေမှာ ဆိုရင်လည်း သူတို့ရဲ့မသန်းစွမ်းမူ အခြေနေအပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့ တတ်နိုင်သလောက် ကူညီပေးနေတာမျိုး ရှိပါတယ်။ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေကျတော့ သူတို့အတွက် သီးသန့်ဆိုပြီး ကူညီပေးနိုင်တာမျိုး မရှိသေးပါဘူး။ တကယ်လို့ သူတို့ကျန်းမားရေးလိုအပ်ချက်အရ အကူအညီလိုအပ်တာရှိရင် ကူညီပေးနိုင်တာမျိုးတော့ ရှိပါတယ်။ သီးသန့် မကူညီပေးနိုင်ဘူးဆိုတာ ကျွန်တော်တို့က ကလေးသူငယ်တို့ရဲ့ ပညာရေးအတွက်လည်း အကောင်အထည်မဖော်နိုင်သေးတဲ့ အခြေအနေမျိုး ရှိပါတယ်။ ကလေးသူငယ်တွေလည်း ဒီအချိန်မှာ စုစည်းဖို့ ခက်ခဲတဲ့ အနေအထားမှာ ရှိပါတယ်။ သူတို့က ခြံတွေထဲမှာပဲ နေရတာရှိတယ်။ ပြီးတော့ တစ်ချို့အရွယ်မရောက်သေးတဲ့ ကလေးဆိုရင် ဥယျာဉ်းခြံထဲမှာ ကွမ်းသီးတို့ ရာသီပေါ်သီးနှံတွေပေါ့၊ မိဘတွေနဲ့အတူတူ တွဲပြီး လုပ်နေရတဲ့ အခြေအနေမျိုးရှိတယ်။ ကျွန်တော်တို့အနေနဲ့ သူတို့ကို အားစိုက်ပြီးတော့ ကူညီနိုင်တဲ့ အခြေအနေမဟုတ်ဘူးလို့ ပြောလို့ရတယ်။ နောက် ကိုယ်ဝန်ဆောင်တွေလည်း တော်တော်များရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ကျတော့ ဒီဘက်မှာရှိနေတဲ့ ဆရာ၊ ဆရာမတွေနဲ့ ကျန်းမားရေးဝန်ထမ်းတွေနဲ့ပေါ့၊ တတ်နိုင်တဲ့ အတိုင်းအတားနဲ့ သူတို့ကိုယ်တိုင်း ကလေးမွေးဖွားပေးနေရတာတွေရှိပါတယ်။ တစ်ချို့က ကျွန်တော်တို့မှာ ရှိနေတဲ့ ကျန်းမားရေးဝန်ထမ်းနဲ့ ဆေးဝါးတွေကို သူတို့ကိုမွေးဖွားပေးဖို့အတွက် အာမခံချက်နည်းတဲ့ အခြေအနေမျိုးတော့ ရှိပါတယ်။
မေး – အခုလိုမိုးတွင်းကာလမှာ ကျန်းမာရေးနှင့်ပတ်သက်ပြီးတော့ ဘယ်လိုရောဂါမျိုး ဖြစ်ပွားနေတာရှိလဲ။
ဖြေ – ဒီမိုးတွင်းကာလမှာကတော့ အဓိက ကြုံတွေ့ရတာကတော့ တုပ်ကွေး၊ ငှက်ဖျား၊ သွေးလွန်တုပ် ကွေးပေါ့။ ကျွန်တော်တို့ဘက်ကျတော့ တုပ်ကွေးနှင့် ငှက်ဖျား ပိုပြီး ဖြစ်များပါတယ်။ သွေးလွန်တုပ် ကွေးမဖြစ်ပေမယ့် ရာသီတုပ်ကွေးလိုမျိုးကို လူတိုင်းနီးပါး ဖြစ်ကြပါတယ်။ ဖျားနာကြတယ်။ ငှက်ဖျား ဆိုရင်လည်း ပြီးခဲ့တဲ့နှစ်ကထက် အဖြစ်များလာတာကို တွေ့ရတယ်။ ပြီးခဲ့တဲ့နှစ်က ငှက်ဖျားဖြစ်တယ် ဆိုရင် လူငယ်တွေပဲ အဖြစ်များတယ်။ ဒီနှစ်မှာဆိုရင် လူငယ်တွေမှာပဲဖြစ်တာမျိုးမဟုတ်ဘဲနဲ့ ကလေးသူ ငယ်တွေမှာပါ ဖြစ်လာတာပါ။ ကျွန်တော်တို့ရဲ့ ကုသမူ မှတ်တမ်းအရဆိုရင် တစ်နှစ်နဲ့ ၆ လအရွယ်ရှိတဲ့ ကလေးအငယ်ဆုံးတွေကို ငှက်ဖျားရောဂါ တွေ့ရတဲ့ အနေအထားရှိတယ်။ သက်ကြီးရွယ်အိုတွေလည်း ငှက်ဖျားဖြစ်ပွားမှုနှုန်း ပိုပြီးမြင့်တက်လာတယ်။
မေး- စစ်ဘေးရှောင်အရေး အကူအညီပေးနေတဲ့သူတစ်ယောက်အနေနဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ လိုအပ်ချက်တွေက ဘာဖြစ်မလဲ။
ဖြေ – ကျွန်တော်တို့ ကူညီပေးနေတာက အဓိက (၃) ပိုင်းရှိတာပေါ့။ ပထမတစ်ချက်က စားနပ်ရိက္ခာရှိမယ်။ ဒုတိယတစ်ချက်က ကျန်းမာရေးရှိမယ်။ တတိယအချက်က အခြေခံလူသုံး ကုန်ပစ္စည်းတွေနဲ့ စတုတ္ထအချက်အနေနဲ့ကတော့ ပညာရေးပေါ့။ ဒီအချက် (၄) ချက်ကို အဓိကထားပြီး ကျွန်တော်တို့ ကူညီပေးနိုင်တာမျိုးရှိတယ်။ အဓိက အခက်အခဲကကျတော့ ကျန်းမာရေးနှင့်ပညာရေးက လိုအပ်ချက် ပိုများတယ်လို့ ပြောလို့ရတယ်။ စားနပ်ရိက္ခာနဲ့ လူအသုံးဆောင်ပစ္စည်းကျတော့ အလှုငွေတွေရှိရင် လိုအပ်သလို ဝယ်ပြီးတော့ ချက်ပြုတ်စားသောက်လို့ရတယ်။ အိုးခွက်ပန်ကန်တွေ ဖျာတွေ စောင်တွေကအစ အဆင်ပြေသလို ဝယ်ယူပြီတော့ အသုံးပြုလို့ရတာပေါ့။ ဒါပေမဲ့ ကျန်းမာရေးကတော့ ဆေးဝါးတွေကို ဝယ်ယူလို့မရဘူး။ (ရရှိလာတဲ့) ဆေးဝါးတွေကို ကိုင်တွယ် အသုံးပြုဖို့ကလည်း တကယ့်ကျွမ်းကျင်တဲ့ ပညာရှင်တွေ လိုအပ်တယ်။ ကျန်းမာရေးဝန်းထမ်းမရှိရင် ဆေးတွေ ရှိလည်း အလကားပဲပေါ့။ ကျန်းမာရေးနှင့် ပတ်သတ်ပြီး တော်တော်လေးအခက်ခဲဖြစ်တယ်။ ပညာရေးလည်း ကျန်းမာရေးလိုပဲ အဆင်ပြေတဲ့လူတွေ သင်ပေးတယ်ဆိုတာမျိုးထက် ပညာရေးနဲ့ ပတ် သက်ပြီး ဘယ်လိုသင်ရမလဲ။ ကလေးတွေ စိတ်ပါဝင်စာမှုရှိအောင် ထိထိရောက်ရောက်ဖြစ်အောင် ဘယ်လိုသင်ကြာပေးရမလဲဆိုတဲ့အပိုင်းကို ကျွမ်းကျင်တဲ့ ပညာရေးဝန်ထမ်းတွေ မရှိဘူး။ (ရှိတဲ့ လူငယ် တွေကလည်း) ပညာကို သင်ကြာပေးနိုင်တဲ့ အရည်အချင်းရှိတဲ့ လူငယ်တွေ မရှိနေဘူး။ ဒါကြောင့် ဒီပညာရေးနှင့် ကျန်းမာရေးအပိုင်းကတော့ တော်တော်လေးကို အခက်အခဲဖြစ်တယ်။
မေး – ပစ္စည်းတွေ သယ်ယူရတဲ့အပိုင်းနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုအခက်အခဲရှိလဲ။
ဖြေ – ကျွန်တော်တို့ပစ္စည်းသယ်ယူပို့ဆောင်ရေး အခက်အခဲကကျတော့ အာဏာသိမ်းပြီးကတည်းကပဲ ပြောလို့ရတယ်။ အခုချိန်မှာဆိုရင် စစ်ဆေးရေးဂိတ်တွေက ပိုများလာတယ်။ လိုအပ်တဲ့ပစ္စည်းတွေကို မြို့ပေါ်ကပဲဖြစ်ဖြစ် တခြားနေရာကနေပဲ ဖြစ်ဖြစ် စစ်ရှောင်တွေဆီကိုရောက်အောင် သယ်ယူပို့ဆောင်ကြ တဲ့အခါ အများကြီး အခက်အခဲရှိပါတယ်။ စစ်ဆေးရေးဂိတ်တွေမှာ ဆေးဝါးတွေဆိုရင် သယ်ယူ ပို့ဆောင် ခွင့် မရတာတွေပေါ့။ မားမား (ခေါက်ဆွဲထုပ်တွေ) လည်း လုံးဝသယ်ယူပို့ဆောင်ခွင့်မရတဲ့ အခြေအနေမှာ ရှိတယ်။ PDF တွေ ရှိတဲ့ရွာမှာဆိုရင် လုံးဝသယ်ယူပိုင်ခွင့်မရှိဘူး။ သယ်ခွင့်မပေးဘဲ အကုန်လုံးသိမ်း ဆည်းသွားတဲ့ အခြေအနေရှိတာပေါ့။ ကျွန်တော်တို့ ဆန်ဆိုလို့ရှိရင် လိုအပ်သလို သယ်ယူလို့ မရဘူး။ သူတို့ခွင့်ပြုပေးသလောက်ပဲ သယ်ရမယ်။ ဒါက စစ်တပ်ရဲ့ ပိတ်ဆို့တားဆီးမှုတွေကြားကနေ သယ်ယူရတဲ့ အခက်အခဲပေါ့။ လမ်းခရီးအခက်အခဲရှိမယ်။ လုံခြုံရေးအခက်အခဲရှိတာပေါ့။ နောက်တစ်ခုက တောတောင်တွေကြာမှာ လက်နက်ကိုင် (အဖွဲ့တွေ) များတယ်၊ ကျွန်တော်တို့ သိတဲ့ အဖွဲ့လည်းရှိမယ်။ မသိတဲ့ အဖွဲ့လည်းရှိမယ်။ ကျွန်တော်တို့ စိမ်းနေတဲ့နယ်မြေတွေကို စစ်ရှောင်တွေကို ပို့ဆောင်ရတဲ့အခါ တော်တော်လေး ဂရုစိုက်ရတဲ့ အခြေအနေရှိပါတယ်။ သွားလာတဲ့အခါမှာလည်း ခက်ခဲတဲ့အခြေအနေလေးရှိတယ်။ တစ်ချို့နေရာမှာဆို ကားနဲ့သွားလို့မရဘူး။ တစ်ချို့နေရာဆိုရင် ဆိုင်ကယ်တောင်မှ မောင်းသွားလို့မရဘူး။ တောမှာဆိုရင် မိုးရာသီမှာ တောင်ကျချောင်းရေးပေါက်တော့ တစ်ချို့လမ်းတွေမှာဆို ရေချောင်းတွေ ဖြစ်သွားတယ်ပေါ့။ အဲလိုမျိုး ချောင်းတွေဖြစ်သွားပြီး ဆိုင်ကယ်တွေ ဖြတ်သွားလို့မရပဲ ကျွန်တော်တို့ ခြေကျင်းနဲ့ပဲ လျှောက်သွားရတဲ့ အခြေအနေ မျိုးရှိပါတယ်။
မေး- နောက်တစ်ခုက စစ်ဘေးရှောင်တွေအတွက် ဝဿန်ဦးဆန်စုဗူး ဆိုပြီးတော့ ကမ်းပိန်လုပ်နေတာတွေ့ရတယ်။ ဒီကမ်းပိန်အခြေအနေကရော ထိရောက်မှု ဘယ်လိုရှိနေပြီလဲ။
ဖြေ – ကျွန်တော်တို့ ဆန်စုဗူးကမ်းပိန်က ဆန်အိတ် (၁၅၀၀) ရဖို့အတွက် မျှော်လင့်ထားတာပေါ့နော်၊ လောလောဆယ်က ဆန်အိတ် (၁၀) ဂဏန်းလောက်ပဲ ရသေးတယ်။ ဆန်စုဗူးကမ်ပိန်မှာ ရည်ရွယ်ထားတာ(၂)ချက်ပေါ့။ စစ်ရှောင်တွေအတွက် အဓိကလိုအပ်ချက်ပေါ့။ ဆန်ကို မိုးရာသီမှာ ကျွန်တော်တို့ စုမယ်။ ဒါကပထမရည်ရွယ်ချက်ပေါ့။ နောက်တစ်ချက်အနေနဲ့က တနသႅာရီတိုင်းမှာသည် စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ကျွန်တော်တို့လိုမျိုး အဖွဲအစည်းတွေရှိတယ်။ တစ်ချို့အဖွဲ့စည်းတွေက တော်လှန်ရေးအဖွဲ့အစည်းဖြစ်တယ်။ အရပ်ဘက်အဖွဲ့အစည်းတွေလည်း အများကြီးရှိတယ်။ သူတို့လည်း သူတို့နိုင်သလောက် ကူညီပေးနေတာရှိတယ်။ တနသႅာရီတိုင်းက မတူညီတဲ့ဒေသကြီးတွေမှာရှိတဲ့ အဖွဲ့အစည်းတွေ အချိတ်အဆက်လေးရှိအောင် အတူတူလက်တွဲပြီးတော့ အလုပ်လေး အတူတူလုပ်လို့ ရသွားတာပေါ့။
မေး- စစ်ဘေးရှောင်အရေးနဲ့ ပတ်သက်ပြီး နောက်ထပ် ဘာများဖြည့်စွက်ပြောချင်တာရှိလဲ။
ဖြေ- အဓိက (၂) ချက်ရှိပါတတယ်။ ပထမအချက်က ကျွန်တော်တို့ တနသႅာရီဒေသမှာ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ မတူညီတဲ့ အဖွဲ့အစည်းတွေ အများကြီးရှိတယ်။ မတူညီတဲ့ အဖွဲ့အစည်းတွေကို ကျွန်တော်တို့ ချိတ်ဆက်ကြပြီးတော့ ဒီတနသႅာရီတိုင်းစစ်ရှောင်နဲ့ ပတ်သက်ပြီးတော့ ပူပေါင်းတဲ့ဆန္ဒက ကျွန်တော်တို့မှာ ရှိပါတယ်။ အဲဒီစစ်ဘေးရှောင် ကူညီနေတဲ့အသင်းအဖွဲ့တွေကို ကျွန်တော်တို့တောင်းဆိုချင်တယ်။ ရေရှည်မှာဆိုရင် စစ်ရှောင်ကို ကူညီပေးဖို့အတွက် ကျွန်တော်တို့မှာ အခက်အခဲတွေ ရှိလာနိုင်တယ်။ ကျွန်တော်တို့ကြာထဲမှာ ချိတ်ဆက်မှု အားကောင်းလာပြီဆိုရင် လိုအပ်နေတဲ့ဟာကို အခြားတစ်နေရာကနေ အားစိုက်ပြီးတော့ ကူညီတဲ့ အခြေအနေမျိုးရှိတယ်။ ကျွန်တော်တို့အချင်းချင်းကြာထဲမှာ ပူးပေါင်းဆောင်ရွက်မှုအား ပိုပြီးကောင်းလာမယ်ဆိုရင် စစ်ရှောင်တွေ လိုအပ်နေတဲ့ လိုအပ်ချက်တွေကို ပိုပြီး ထိထိရောက်ရောက် ရှိလာမယ်လို့ ကျွန်တော်ယူဆပါတယ်။ ဒီတနသႅာရီမှာရှိနေတဲ့ စစ်ဘေးရှောင် ကူညီရေးအသင်းအဖွဲ့တွေ ပိုပြီး အားကောင်းလာအောင် အချင်းချင်းချိတ်ဆက် လုပ်ဆောင်သွားကြဖို့ ကျွန်တော်တိုက်တွန်းပြောကြားလိုပါတယ်။