ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးတိုက်ပွဲအတွင်း စစ်ကောင်စီ ဒုတပ်ရင်းမှူးအပါအဝင် ၃ ဦးသေဆုံးကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့- S.O.F က ထုတ်ပြန်ထားသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကွီလုံတိုင်စခန်းကို ရိက္ခာနှင့် ခဲယမ်းများလာပို့သည့် စစ်ကောင်စီ စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F စစ်ကြောင်း ၁ တို့က ဇွန်လ ၃ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်ခန့်က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ပထမဦးဆုံး စစ်ကြောင်းချီလာသည့် စစ်ကောင်စီစစ်ကြောင်းကို စနိုက်ပါဖြင့် စတင်တိုက်ခိုက်ခဲ့ရာမှ နာရီဝက်ခန့် နှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ကြသည်ဟု ဖော်ပြထားသည်။
ထိုတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးတစ်ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။
စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်ပြီး လွတ်လပ်သောမွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်မပြုနိုင်ခြင်းမရှိသေးပေ။
တိုက်ပွဲအတွင်း KNLA နှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F ပူးပေါင်းအဖွဲ့ဘက်ကလည်း ၅ ဦး ဗုံးစထိမှန်ခဲ့ပြီး အသက်အန္တရာယ်မစိုးရိမ်ရကြောင်း ထုတ်ပြန်ထားသည်။
တိုက်ပွဲအတွင်း အထိနာခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် ထိုင်းဘက်ခြမ်းသို့ ကူးပြီး ပြန်လည်ဆုတ်ခွာသွားကြောင်းလည်း ဆိုထားသည်။
KNLA သည် မွန်ပြည်နယ် မော်လမြိုင်မြို့ကနေ တနင်္သာရီတိုင်း မြိတ်မြို့အထိ အမှတ် ၈ လမ်းမကြီးတလျှောက် သွားလာနေသည့် ခရီးသွားပြည်သူများ၊ မော်တော်ယာဥ်များအနေဖြင့် KNLA မှ ရပ်တန့်စစ်ဆေးသည့်အခါ ကြည်ဖြူစွာ ရပ်တန့် အစစ်ဆေးခံရန်၊ မော်တော်ယာဉ်များပေါ်တွင် စစ်ကောင်စီနှင့် ပတ်သက်သည့် လူဖြစ်စေ၊ ရုပ်ဝတ္ထုပစ္စည်းဖြစ်စေ တင်ဆောင်ခြင်း လုံးဝ မပြုလုပ်ရန်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ယာဥ်ပေါ်စီးနင်းလိုက်ပါခြင်း လုံးဝမပြုလုပ်ရန်နှင့် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ယာဉ်များအနေနှင့်လည်း ကြည်ဖြူစွာ ရပ်တန့်အစစ်ဆေးခံရန် သတိပေးထုတ်ပြန်ထားသည်။
