မွန်ပြည်နယ်၊ မော်လမြိုင်မြို့အဝင် သံလွင်တံတား (မော်လမြိုင်) ပေါ်တွင် ဇွန်လ ၁၃ ရက်နေ့ နေ့လည်ပိုင်းအချိန်ခန့်တွင် စစ်ကားတစ်စီးက ဆိုင်ကယ်နှစ်စီးကို ဝင်တိုက်မိပြီး ဆိုင်ကယ်မောင်းသူတစ်ဦး သေဆုံးသွားကြောင်း သိရသည်။
ယနေ့ နေ့လည် ၂ နာရီဝန်ကျင်းအချိန်ခန့်က သံလွင်တံတား (မော်လမြိုင်) မုတ္တမဘက်ခြမ်း၊ ချဥ်ကပ်လမ်းပေါ်တွင် ပေါင်မြို့ဘက်မှ မော်လမြိုင်မြို့ဘက်သို့ တပ်သားမောင်မောင်ဦး မောင်းနှင်လာသည့် စစ်ကားတစ်စီးသည် အရှေ့ကသွားနေသည့် ၆ ဘီးကုန်တင်ယာဥ်ကို ကျော်တက်စဥ် မော်လမြိုင်မြို့ဘက်မှ ပေါင်မြို့ဘက်သို့ သိန်းသန်းဦး ၃၅ နှစ်နှင့် မောင်ကျော်ထွန်းအောင် ၂၇ နှစ် မောင်းနှင်ပြီး နောက်တွင် ဦးသူရ ၄၃ နှစ် လိုက်ပါစီးနင်းလိုက်ပါလာသည့် ဆိုင်ကယ်နှစ်စီးကို ဝင်တိုက်မိခြင်းဖြစ်သည်။
“ကားကို ကျော်တက်တာ မလွတ်တော့ တစ်ဖက်ယာဉ်က လာနေတဲ့ ဆိုင်ကယ်နှစ်စီးကို ဝင်တိုက်မိတာ ဆိုင်ကယ်သမားတစ်ယောက်ကတော့ သေဆုံးသွားတယ်” ဟု လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
အဆိုပါ ယာဥ်တိုက်မှုကြောင့် ဆိုင်ကယ်သမား သိန်းသန်းဦးဆိုသူသည် တံတားယာဘက်အောက်သို့ ပြုတ်ကျသွားပြီး သေဆုံးသွားခဲ့ပြီး ကျော်ထွန်းအောင်နှင့် ဦးသူရတို့နှစ်ဦးလည်း ခန္ဓာကိုယ် ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြောင်း ဆိုသည်။
သေဆုံးသွားသည့် သိန်းသန်းဦး ရုပ်အလောင်းကို မုတ္တမတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၂ ဦးကို မော်လမြိုင်မြို့ အမှတ် (၅) စစ်မြေပြင်ဆေးတပ်ရင်း ကုတင် ၃၀၀ ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
ဆိုင်ကယ်များကို ဝင်တိုက်သည့် စစ်ကားသည် အရှိန်လွန်ပြီး တစ်ဘက်ယာဥ်ကြော လမ်းဘေးသို့ ရောက်ရှိ တိမ်းမှောက်သွားကြောင်း သိရသည်။