Homeသတင်းမွန်ပြည်နယ်ဈေးကွက်တွင် စားအုန်းဆီဈေးမြင့်တက်ဆဲ

မွန်ပြည်နယ်ဈေးကွက်တွင် စားအုန်းဆီဈေးမြင့်တက်ဆဲ

-

စားအုန်းဆီ အခြေခံလက္ကားရည်ညွှန်းဈေးနှုန်းများ ဆက်တိုက်ကျဆင်းလာသော်လည်း မွန်ပြည်နယ်ဈေးကွက်အတွင်း စားအုန်းဆီးဈေးနှုန်း မြင့်တက်နေဆဲဖြစ်ကြောင်း ရောင်းဝယ်သူတို့ထံမှ သိရသည်။

မွန်ပြည်နယ်ဈေးကွက်အတွင်း စားအုန်းဆီ တစ်ပိဿာ ၇၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်အထိ ပေါက်‌ဈေးရှိနေကြောင်း မော်လမြိုင်၊ ဆန်တန်းရပ်ကွက်မှ ပွဲရုံပိုင်ရှင် အမျိုးသားတစ်ဦးက ပြောသည်။

“အဓိကက သယ်ယူပို့ဆောင်ခ စရိတ်ကြောင့်ပါပဲ။ ခရီးလမ်းက အရင်လိုမဟုတ်တော့ဘူး။ လမ်းမှာပဲ တစ်ညလောက်ကြာတယ်ဆိုတော့ အရင်ကထက် နှစ်ဆပိုကုန်တယ်။ အဲဒါကြောင့် ဒီရောက်ရင် ဈေးကတက်သွားတာ” ဟု ၎င်းက ပြောသည်။

လမ်းတွင် စစ်ဆေးရေးဂိတ်များ ပိုမိုများလာပြီး အချိန်ကြန့်ကြာခြင်း၊ ဖြတ်သန်းသွားလာခွင့် မပေးခြင်းများကြောင့် ခရီးစရိတ် ယခင်ကထက် နှစ်ဆ ပိုကုန်ကျကြောင်း ၎င်းက ဆက်ပြောသည်။

စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ယခုတစ်ပတ်အတွက် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာ ၃၇၈၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့်အပတ်က စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းသည် တစ်ပိဿာ ၃၉၆၀ ကျပ် ဖြစ်ပြီး ယခုအပတ်တွင် ဈေးနှုန်းကျဆင်းလာခြင်းဖြစ်သည်။

မော်လမြိုင်မြို့ မောင်ငံရပ်ကွက်မှ ဆီ၊ စားအုန်းဆီ၊ နှမ်းဆီလက်လီ၊ လက္ကားရောင်းဝယ်နေသူ အမျိုးသမီးတစ်ဦးက “အခြေခံဈေးနှုန်းနဲ့ ရောင်းပေးဖို့ကျတော့ အဆင်မပြေဘူးလေ။ ပို့ဆောင်ခတွေ မလိုရင်တော့ ရောင်းပေးနိုင်တာပေါ့။ အခုက ဝေးလေ ဈေးပိုကြီးလေဖြစ်နေတယ်။ သယ်ဆောင်ခစရိတ်ကြီးလို့” ဟု ပြောသည်။

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း၌ လမ်းခရီးအခက်အခဲကြောင့် စားအုန်းဆီတစ်ပိဿာ ၈,၀၀၀ မှ ၁၀,၀၀၀ ကျပ်အထိ ပေါက်ဈေးရှိကြောင်း ၎င်းအမျိုးသမီးက ဆက်ပြောသည်။

ပြည်တွင်း၌ စားအုန်းဆီသုံးစွဲမှုသည် တစ်နှစ်လျှင် တန်ချိန် ၁၀ သိန်းကျော်အထိရှိပြီး နှစ်စဉ်တန်ချိန် ၆ သိန်းမှ ၇ သိန်းကြားကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ အဓိကထား တင်သွင်းနေကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts