၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အစိုးရအခြေခံပညာကျောင်းများ၌ သင်ကြားနေသည့် မွန်တိုင်းရင်းသားစာပေအတွက် မွန်ဖတ်စာအုပ် ၃ သောင်း ၁ ထောင်ကျော် ထုတ်ဝေပြီး ဖြန့်ချီပေးလျှက်ရှိကြောင်း သိရသည်။
မွန်တိုင်းရင်းသားစာပေ သင်ကြားနေသည့် မြို့နယ်ပေါင်း ၉ မြို့နယ်ရှိ ကျောင်းများမှ G-1 , G-2, G-3,G-4, G-5 ကျောင်သား ကျောင်းသူများအတွက် မွန်ဖတ်စာအုပ်များကို ထုတ်ဝေပြီး မြို့နယ်အလိုက် ဖြန့်ချီပေးနေသည်ဟု မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီအတွင်းရေးမှု နိုင်မွန်ရာဇာက ပြောသည်။
“မနှစ်ကဆို အခက်ခဲများကြီးဖြစ်သွားတယ်။ ကျောင်းကလည်းဖွင့် စာအုပ်ကလည်းမရှိ၊ အဲ့ဒါကြောင့် မွန်စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့က ကျောင်းသားဦးရေစာရင်းတွေ ချုပ်ပြီး ကျောင်းမဖွင့်ခင် ဖတ်စာအုပ်တွေရဖို့ တိုင်းရင်းသားရုံးကနေတစ်ဆင့် တင်ပြတယ်။ အဲကနေတစ်ဆင့် ရလာတယ်ပေါ့။ ဒီနှစ်အတွက် ဖတ်စာအုပ်တွေ အရမ်းပြည့်စုံတာ မဟုတ်ရင်တောင် လုံလုံလောက်လောက်တော့ ရှိတာပေါ့”ဟု သူကပြောသည်။
တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် အစိုးရစာသင်ကျောင်းတွင် မွန်စာပေသင်ကြားနေသည့် ကျောင်းသားပေါင်း ၃ သောင်း ၃ ထောင်ကျော်ရှိနေသည့်အတွက် လက်ရှိဖြန့်ဝေပေးသည့်စာအုပ်အရေအတွက်သည် လုံလောက်မှုမရှိကြောင်း ဆရာ ဆရာမတို့ထံမှ သိရသည်။
သံဖြူဇရပ်မြို့နယ်မှ မွန်တိုင်းရင်းသားစာပေသင်ကြားနေသည့် ဆရာမတစ်ဦးက “အမတို့ မြို့နယ်မှာကျတော့ မရသေးဘူး။ မြို့နယ်ပညာရေးရုံးက ဝေပေးဖို့မအားတာလည်းဖြစ်မယ်ပေါ့။ မနှစ်က ရှိတဲ့ စာအုပ်နဲ့ပဲ သင်နေရတယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် စာသင်နှစ်က ဖတ်စာအုပ် မလုံလောက်မှုကြောင့် မိတ္တူဆွဲသင်ကြားနေရသည့် အနေအထားအထိရှိခဲ့ကြောင်းလည်း တိုင်းရင်းသားစာပေသင်ကြားနေသည့် ဆရာ ဆရာမတို့က ပြောသည်။
ကျောင်းသုံး မွန်ဖတ်စာအုပ်များကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က တစ်ကြိမ်ထုတ်ဝေခဲ့ပြီးနောက် ယခု ပြန်လည်ထုတ်ဝေခဲ့ခြင်းဖြစ်သည်။
မွန်ပြည်နယ်တွင် အစိုးရစာသင်ကျောင်းများ၌ မွန်၊ ကရင်နှင့် ပအိုဝ်းတိုင်းရင်းသားစာပေများ သင်ကြားလျက်ရှိပြီး သင်ကြားနေသည့် ဆရာ၊ ဆရာမများသည် အစိုးရဝန်ထမ်း ကျောင်းဆရာ၊ ဆရာမများရှိသလို ပြင်ပမှ လာရောက်သင်ကြားပေးနေသည့် ဆရာ၊ ဆရာမများလည်းရှိနေသည်။
မွန်ပြည်နယ်တွင် မွန်နှင့် ကရင် တိုင်းရင်းသား စာပေသင်ကြားနေသည့် မြို့နယ် ၈ မြို့နယ်၊ ပအိုဝ်းစာပေသင်ကြားနေသည့် မြို့နယ် ၄ မြို့နယ်ရှိသည်ဟု သိရသည်။
မွန်စာပေသင်ကြားနေသည့်ကျောင်း ၂၇၀ ကျောင်း၊ ကရင်စာပေသင်ကြားနေသည့်ကျောင်း ၂၇၃ ကျောင်း၊ ပအိုဝ်းစာသင်ကြားနေသည့်ကျောင်း ၃၀ ကျောင်းခန့်ရှိသည်ဟု ပြည်နယ်ပညာရေးမှူးရုံးရှိ စာရင်းအရ သိရသည်။