spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းPPST အဖွဲ့ဝင်များ ဘာကြောင့် ပါဝင်မှု အဆင့်လျော့ချကြပါသနည်း။ (သတင်းဆောင်းပါး။)

    PPST အဖွဲ့ဝင်များ ဘာကြောင့် ပါဝင်မှု အဆင့်လျော့ချကြပါသနည်း။ (သတင်းဆောင်းပါး။)

    -

    တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသည့်  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်း (EAOs) ၁၀ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (Peace Process Steering Team – PPST) မှ အဖွဲ့ဝင်အချို့မှာ မည်သို့ကြောင့် မိမိတို့၏ ပါဝင်မှုကို လျော့ချနေရသလဲဆိုကာ သုံးသပ်မှုများ ရှိနေသည်။

    အဆိုပါ PPST မှာ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်နေပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် အဖွဲ့ဝင်အချို့မှာ PPST မှ ပါဝင်မှု အဆင့်ကို လျော့ချထားကြသည်။ မိမိတို့ တစ်ဖွဲ့ချင်းကိစ္စရပ်များကို ပိုမိုဆွေးနွေးလို၍ PPST မှ ပါဝင်မှုအဆင့်ကို လျော့ချခြင်း ဖြစ်နိုင်သည်ဟု PPST အဖွဲ့မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

    PPST ခေါင်းဆောင်များ (Photo Credit: DMG)

    ဗိုလ်မှူးကြီး ခွန်ဥက္ကာ “တစ်ဖွဲ့ချင်းကို ပိုပြီးတော့ စောင်းပေးတဲ့ သဘောပါ၊ ပါဝင်မှု လျော့ချတဲ့အခါကြတော့ အစုအဖွဲ့နဲ့ သွားမဆွေးနွေးချင်ဘူး။ ကိုယ်ဘာပြောလဲဆိုတာ အခြားအဖွဲ့တွေကို ပေးမသိချင်တဲ့အခါကြတော့ Bilateral ကို ပိုပြီးတော့ စောင်းပေးတဲ့ သဘောပေါ့ဗျာ၊ Bilateral မှာ လွတ်လပ်တယ်၊ သွားပြောတာ၊ ဆွေးနွေးတာတွေလည်း တစ်ဖွဲ့ချင်း အကျိုးစီးပွားအတွက်လည်း ရတယ်ပေါ့၊ အဲဒီလို တွက်ပြီးတော့ Bilateral ကို ဦးစားပေးတဲ့ အဖွဲ့တွေက များလာတယ်ဗျ၊ အဲဒါကြောင့်လည်း ဖြစ်ပါတယ်” ဟု ပြောသည်။

    အာဏာသိမ်းစစ်ခေါင်းဆောင်မှ အာဏာသိမ်းပြီးနောက်ပိုင်း ယခင်ဦးသိန်းစိန်အစိုးရ ဒေါ်အောင်ဆန်းစုကြည်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများအကြား ချုပ်ကဆိုထားသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)  မှာ ဆက်လက်ရှင်သန်နေဆဲလား ပျက်ပြယ်သွားပြီလော၊ PPST အဖွဲ့ ဝင်များအကြား မေးခွန်းထုတ်နေကြပါသည်။

    တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)  အခန်း (၃) အရပ်သားတို့ အား ကာကွယ်ခြင်းဆိုင်ရာအချက်များအရ အာဏာသိမ်း စစ်ကောင်စီသည် အရပ်သားများအပေါ် တိုက်ခိုက်နေခြင်း၊  ရပ်ရွာတို့ အား မီးရှို့ ခြင်း ၊ ပြည်သူတို့ အား အိုးအိမ်မဲ့ ဖြစ်ပွားအောင် ဆောင်ရွက်ခြင်းတို့ ကြောင့် စာချုပ်ကို ချိုးဖောက်ပြီးသားဖြစ်သည်။

    လက်ရှိ အာဏာသိမ်း စစ်အုပ်စုကို လက်နက်ကိုင်တိုက်ပွဲဝင်နေကြသည့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အမျိုးသားညီညွတ်ရေး အစိုးရ (NUG) တို့ ကား စစ်အုပ်စုအနေဖြင့် ၎င်းတို့ ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး အာဏာသိမ်းခြင်း ဖြစ်သည့်အတွက် ၂၀၀၈ ဖွဲ့ စည်းပုံမှာ အလိုလို ပျက်ပြယ်သွားပြီ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ထို့ ကြောင့် ၂၀၀၈ ဖွဲ့ စည်းပုံကို အခြေခံထားသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) မှာလည်း ပျက်ပြယ်သွားပြီ ဖြစ်ကြောင်းခံယူသည်။

    ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း ပြောင်းလဲခဲ့သည့် နိုင်ငံရေး အခင်းအကျင်းကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF) တို့မှာ PPST အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ထားကြသလို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ် တပ်ဦး(ABSDF)၊ ကလည်း ပူးပေါင်းဆောင်ရွက်မှု လျှော့ချထားသည်။

    ထို့နောက် မွန်ပြည်သစ်ပါတီ (NMSP) အနေဖြင့်လည်း PPST အဖွဲ့မှ ပါဝင်မှုအဆင့်ကို လျော့ချရန် ပြီးခဲ့သည့် မေလအစောပိုင်းက စာတင်ထားသည်ဟု သိရသည်။

    ဦးဆောင်သည့် အဖွဲ့ အစည်းများမှာ PPST ကို မဦးဆောင်နိုင်ပဲ တဖြည်းဖြည်းဖြင့် မိမိတို့ ပါဝင်မှုအဆင့်ကို လျော့ချခြင်းမှာ အချို့ သောအဖွဲ့ ဝင် အဖွဲ့ အစည်းများ၏ အကွဲအပြဲကြောင့် ဖြစ်နိုင်သည်ဟု အချို့ ကား သုံးသပ်ကြပါသည်။

    စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်ရန် ဆုံးဖြတ်ထားသည့် ကရင်အမျိုးသားအစည်းအရုံး KNU သည် PPST အဖွဲ့တွင် အင်အားကြီးသော အဖွဲ့ဝင်ဖြစ်ပြီး လက်ရှိတွင် PPST အဖွဲ့မှ နုတ်ထွက်ထားခြင်း ဖြစ်နိုင်သည်ဟု မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောသည်။

    ဦးရဲထွန်း “အဲဒါကတော့ သူတို့အထဲမှာ အဓိက အဖွဲ့ဖြစ်တဲ့ KNU ပေါ့နော်၊ KNU ထဲမှာ အခုဟာက NCA အတိုင်း မလိုက်ချင်တဲ့ အင်အားစုက အပေါ်စီးရလာတဲ့အတွက် ကျန်တဲ့အဖွဲ့တွေကလည်း အဲဒီလို နဲနဲ လိုက်ချင်ပုံရပါတယ်၊ အဓိက အဲဒီ NCA ထိုးထားတဲ့အဖွဲ့ထဲမှာ KNU အဖွဲ့ကတော့ အဓိက အဖွဲ့လို့ ပြောရမှာပေါ့နော်၊ သူကိုယ်၌က အခုဟာက ကယိမ်းကယိုင်ဖြစ်လာတဲ့အခါကြတော့ ကျန်တဲ့အဖွဲ့တွေလည်း အဲဒီလို ဖြစ်လာတယ်လို့ ယူဆပါတယ်” ဟု ပြောသည်။

    အာဏာသိမ်း စစ်အုပ်စုအား ပြန်လည်တိုက်ခိုက်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) (Photo Credit: Myanmar Now)

    လက်ရှိတွင် PPST အဖွဲ့အနေဖြင့် စစ်ကောင်စီနှင့် အစုအဖွဲ့အနေဖြင့် သော်လည်းကောင်း၊ တစ်ဖွဲ့ချင်းအနေဖြင့် သော်လည်းကောင်း ငြိမ်းချမ်းရေး တွေ့ဆုံဆွေး‌နွေးမှုများလည်း ရှိနေသည်။

    PPST အစုအဖွဲ့ထက် ပိုမိုအားကောင်းသည့် အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းရန် ကြိုးစားခြင်းဟု ယူဆကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောသည်။

    ဒေါက်တာအေးမောင် “ PPST က ဦးဆောင်ကော်မတီကိုးဗျ၊ ညှိနှိုင်းစေ့စပ်ရေးနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဦး‌ဆောင်ကော်မတီဆိုတော့ ဦးဆောင်ကော်မတီအတွင်းမှာကိုက ဦးဆောင်မှု အပိုင်းမှာ အခြေအနေတစ်ခု ဖြစ်နေတဲ့ပုံပေါက်ပါတယ်။ အဲဒါကြောင့်လည်း နုတ်ထွက်ကြတာဆိုတော့ နောက်တစ်ခုများ ဖွဲ့မှာလားပေါ့ လက်ရှိအခင်းအကျင်းမှာလေ ဦးသိန်းစိန်လက်ထက်မှာ ၈ ဖွဲ့ဗျာ၊ NLD လက်ထက်မှာ ၂ ဖွဲ့ပေါ့၊ အဲဒီနောက် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းမှာ ၃ ဖွဲ့က နောက်ကိုဆုတ်တော့ ၇ ဖွဲ့ ကျန်တာပေါ့၊ နောက် ၇ ဖွဲ့က ငြိမ်းချမ်းရေးဖိတ်ခေါ်တဲ့အခါမှာ လာဆွေးနွေးကြတာက ပုံစံတစ်မျိုးအနေနဲ့ပေါ့၊ အဲဒီအပေါ်မှာ မူတည်လိမ့်မယ်ဗျ၊ ဆိုတော့ ပိုပြီးအားကောင်းတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခု ပေါ်ထွန်းလာမှာလား PPST ထက် အားကောင်းတဲ့ အစုအဖွဲ့တစ်ခု ပေါ်ထွန်းဖို့ ကြိုးစားတာလားပေါ့” ဟု ပြောသည်။

    PPST ကို တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတတူစာချုပ် (NCA) ထိုးထားသည့် လက်နက်ကိုင်များမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ် တပ်ဦး(ABSDF)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ(ALP)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ဖြင့် ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks