spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းလမ်းများ ဖျက်ဆီးခံထားရသည့်ဒေသက ပြည်သူများ ပိုမိုခက်ခဲလာ

    လမ်းများ ဖျက်ဆီးခံထားရသည့်ဒေသက ပြည်သူများ ပိုမိုခက်ခဲလာ

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း အရေးပါသည့်လမ်းများ ဖျက်ဆီးခံထားရသည့်အတွက် ဒေသခံများ၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ ဖြတ်သန်းသွားလာရေးနှင့် အရေးပေါ်ကျန်းမာရေးကိစ္စများ ဆောင်ရွက်နိုင်ရေး ပိုမိုခက်ခဲလာကြောင်း ဆိုသည်။

    ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင်ခြေရှိ ကင်မွန်းချောင်ကျေးရွာနှင့် ဆောင်နိုင်ကြီးကျေးရွာသို့ ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်း၊ ဝင်းကလောကျေးရွာအဝင်လမ်း၊ အင်္ဂဘိုလက်ပံပင်အဝမှ မဲရုံးလေးကျေးရွာသို့ ဝင်သည့်လမ်းတို့ကို စစ်ကောင်စီတပ်တို့က မေလ ၁၉ ရက်နေ့မှစပြီး ဘက်ဟိုးဖြင့် လာရောက်ဖျက်ဆီးသွားခဲ့သည်။

    အဆိုပါ ဖျက်ဆီးခံရသည့် လမ်းများသည် ဒေသတွင်း ဖြတ်သန်းသွားလာရေးအတွက် အရေးပါသည့်လမ်းများဖြစ်ကြောင်း ရိက္ခာများ သယ်ယူရန်နှင့် ယခုကျောင်းဖွင့်ရာသီတွင် ကလေးများ ကျောင်းတက်ရန် အခက်အခဲဖြစ်ကြောင်း ကင်မွန်းချောင်ဒေသခံတစ်ဦးက ပြောသည်။

    “ဒီလမ်းတွေက အရမ်းအရေးပါတယ်။ ကျွန်တော်တို့က စားရေး သောက်ရေးတွေ ဝယ်ခြမ်းဖို့က မြို့ပေါ်တက်ဝယ်ရတာလေ။ ကျိုက်ထိုကို တက်ပြီးဝယ်ရတယ်။ အခုက ကလေးတွေ ကျောင်းဖွင့်ပြီး။ အဲဒီလိုဖြစ်တော့ သွားလာရခက်ခဲတာပေါ့။ တခြားသယ်ယူပို့ဆောင်ရေးတွေမှာဆိုလည်း အဆင်မပြေဘူး။ မိုးကလည်းရွာလာပြီဆိုတော့ အခြေအနေက ပိုဆိုးလာတယ်” ဟု ဆိုသည်။

    ဖြတ်သန်းသွားလာလို့မရသည့်အတွက် အရေးပေါ်ကျန်းမာရေးကိစ္စများ ကူညီဆောင်ရွက်နိုင်ရန်အတွက် အခက်အခဲရှိလာကြောင်း ကျိုက်ထိုမြို့မှ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    “ဒါက အတော်လေး အဆင်မပြေဖြစ်ရတယ်ဗျ။ အခုဖျက်ဆီးခံရတဲ့လမ်းတွေက အဓိကလမ်းတွေချည်းပဲ။ ကျွန်တော်တို့က လူနာကိစ္စသွားရတာ အရမ်းခက်တယ်။ အရေးပေါ်လူနာတွေသာရှိလာရင် အတော်လေး စိုးရိမ်ရမယ့်အခြေအနေမျိုးပဲဗျ။ အရင်က ဆိုင်ကယ်နဲ့သွား လို့ရတဲ့နေရာကတောင် အခုဆိုင်ကယ်နဲ့အဆင်မပြေလောက်တဲ့အထိ ဖြစ်သွားတော့ ဒေသခံတွေအတွက် ကျန်းမာရေးအရ အကူအညီတွေရဖို့ ခက်ခဲသွားတာပေါ့” ဟု ၎င်းက ဆက်ပြောသည်။

    ဖျက်ဆီးခံထားရသည့် လမ်းပိုင်းများကို ယနေ့အချိန်အထိ မည်သူမျှ လာရောက်မပြင်ဆင်ရဲကြောင်း ဒေသခံတို့က ပြောသည်။  

    “ဖျက်ဆီးသွားတာက စစ်တပ်ကလေ။ ဘယ်သူမှပြန်မပြင်ရဲဘူး။ ပြင်နေတာတွေ့ရင် သူတို့က ရောက်လာနိုင်တယ်။ အဲ့တာကြောင့်ဘယ်သူမှ မထိရဲဘူး။ အခုထိ လမ်းတွေကအဲဒီအတိုင်းပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

    ကျိုက်ထိုမြို့နယ်အတွင်း ဖျက်ဆီးခံရသည့် လမ်း ၃ လမ်းရှိနေပြီး အဆိုပါလမ်းများသည် ကင်မွန်းစခန်း-ကျိုက်ထိုကားလမ်းမကြီးမှ ဝင်းကလောကျေးရွာကို ဖြတ်ကာ တံတားချောင်း၊ ဆောင်နိုင်ကြီး၊ ကဒိုင်တွတ်၊ မိုးဘော၊ မဲရုံးလေး၊ မဲရုံးကြီး အစရှိသည့် ကျေးရွာ ၁၀ ရွာထက်မနည်းနှင့် ဆက်စပ်သွားလာနေကြသည့် လမ်းများဖြစ်သည့်အပြင် ဘီးလင်းမြို့နယ်နှင့်လည်း ဆက်နေသည့်လမ်းမကြီးတစ်ခုဖြစ်သည်။

    စစ်ကောင်စီတပ် လိုက်လံဖျက်ဆီးနေသည့်လမ်းများသည် ကျိုက်ထိုမြို့နယ်အတွင်း ကေအဲန်ယူ တပ်မဟာ ၁၊ တပ်ရင်း ၃ ထိန်းချုပ်နယ်မြေအတွင်းရှိလမ်းများဖြစ်ပြီး စစ်ကောင်စီတပ်က ဖြတ် ၄ ဖြတ်ပုံစံ လုပ်ဆောင်နေသည်ဟု ဒေသခံတို့က သုံးသပ်ပြောဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks