မွန်ပြည်နယ်ထွက် ကွမ်းသီးနုများ ဝယ်လိုအားမရှိသည့်အတွက်ကြောင့် ကွမ်းသီးနုစျေးကျသွားသည်ဟု ကွမ်းသီးစိုက်တောင်သူတို့နှင့် ကွမ်းသီးနုရောင်းဝယ်သူတို့ထံမှ သိရသည်။
ပြီးခဲ့သည့်နှစ်က တရုတ်ကုန်သည်များ လာရောက်ဝယ်ယူသည့်အတွက် ကွမ်းသီနု တစ်လုံးလျှင် ကျပ် ၆၀ အထိ စျေးကောင်းရရှိခဲ့သော်လည်း ယခုနှစ်တွင် တရုတ်ဘက်က ဝယ်လိုအားမရှိသည့်အတွက် ကွမ်းသီးနု တစ်လုံး ၃၅ ကျပ်ဝန်းကျင်သာ စျေးရှိနေသည်ဟု ဆိုသည်။
“မော်လမြိုင်သီး၊ ရေးသီးပေါ့နော် မနှစ်ကနဲ့စာရင် စျေးကျတယ်။ ဒီနှစ်က တရုတ်က လာဝယ်တာ နည်းတာပေါ့နော်။ မနှစ်က တရုတ်တွေ လာဝယ်တာ များတယ်” ဟု မော်လမြိုင်မှ ကွမ်းသီးနုအရာင်းဝယ်သူ တစ်ဦးက ပြောသည်။
ကွမ်းသီးနု စျေးကောင်းချိန်စဥ်က ကွမ်းသီခြောက်ထက် ကွမ်းသီးနုကိုသာ ကွမ်းသီးစိုက်ပျိုးသူတို့က ပိုရောင်းကြသည်ဟု ဆိုသည်။
“ကွမ်းသီးက အမှည့်ကိုထားမယ်ဆိုရင် တစ်ခိုင်မှာ အလုံး ၂၀၀ ရှိတယ်ဆိုပါတော့ အနုအချိန်မှာရောင်းရင် အလုံး ၂၀၀ လုံးရတယ်။ အမှည့်အချိန်ဆိုရင် တချို့က ကြွေတယ်လေ အလေအလွင့်ရှိတယ်လေ” ဟု ၎င်း ကွမ်းသီးနု ရောင်းဝယ်သူက ဆက်ပြောသည်။
လက်ရှိတွင် ကွမ်းသီးနုအပြင် ကွမ်းသီးခြောက်လည်း ဈေးကျနေသည့်အတွက် ကွမ်းသီးစိုက်တောင်သူများ တွက်ခြေမကိုက်ပဲ အကြပ်အတည်းများနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်ဟု ဆိုသည်။
“ကွမ်းသီးစျေးမရှိဘူး။ မနှစ်ကထက် စျေးထက်ဝက်ကျသွားတယ်။ ကွမ်းသီးခြောက်ကလည်း တစ်ပိဿာကို ၃၁၀၀/၃၂၀၀ အဲလောက်ပဲရှိတယ်ဆိုတော့ ကြပ်တည်နေတာပေါ့” ဟု ရေးမြို့မှ ကွမ်းသီးစိုက်ပျိုးသူတစ်ဦးက ပြောသည်။
ယမန်နှစ်တွင် ကွမ်းသီးခြောက် တစ်ပိဿာလျှင် ကျပ် ၆၀၀၀ အထိ စျေးရရှခဲ့ပြီး ယခုနှစ်တွင် ကွမ်းသီးခြောက် တစ်ပိဿာ ကျပ် ၃၀၀၀ ဝန်းကျင်သာရှိသည်။
မွန်ပြည်နယ်အတွင်း ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်တို့တွင် ကွမ်းသီး အဓိက ထွက်ရှိသော မြို့နယ်များဖြစ်သည်။
မွန်ပြည်နယ်မှ ထွက်ရှိသော ကွမ်းသီးနုများကို တရုတ်နိုင်ငံသို့ အဓိက တင်ပို့ပြီး ထိုင်းနိုင်ငံ၊ မလေးနိုင်ငံနှင့် စင်ကာပူနိုင်ငံသို့လည်း တင်ပို့နေသည်ဟု ကွမ်းသီးရောင်းဝယ်သူတို့ထံမှ သိရသည်။