မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဇရပ်ကျွန်းရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် လမ်းခင်းများကျောက်တင်ဆောင်ထားသည့်ကားတစ်စီး မိုင်းဆွဲခံရပြီး အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မေလ ၂၂ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က ဘားအံမြို့မှ နေပြည်တော်သို့ ယာဉ်မောင်း ပြည်စုံမင်း၊ ၎င်း၏အမျိုးသမီးနှင့် ၂ နှစ်အရွယ်သမီးငယ်တို့ လိုက်ပါစီးနင်းလာသည့် လမ်းခင်းကျောက်များ တင်ဆောင်ထားသည့် ၂၂ ဘီး တွဲကား မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်။
မိုင်းဆွဲခံရမှုကြောင့် အမျိုးသမီးတွင် ဝဲဘက်ခြေသလုံးနှင့် တင်ပါးပေါက်ပြဲဒဏ်ရာ ရရှိခဲ့ပြီး၊ ၂ နှစ်အရွယ်ကလေးလည်း ဝဲဘက်ခြေသလုံးပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ဟု ဒေသခံတစ်ဦးက ပြောသည်။
“ကားကအဖြတ်မှာ ပေါက်ကွဲသွားတယ်။ ကားက အမြင့်ကားဆိုတော့ အသက်အန္တရာယ် မထိခိုက်ဘူးပေါ့။ ခြေထောက်တွေ တင်ပါးတွေ ထိခိုက်ဒဏ်ရာရကုန်တာ” ဟု ၎င်းဒေသခံက ဆိုသည်။
မိုင်းပေါက်ကွဲမှုကြောင့် မော်တော်ယာဉ်ရှေ့ဦးခေါင်းပိုင်းလည်း မိုင်းစထိမှန်ကာ ပျက်စီးမှုရှိခဲ့ကြောင်းလည်း ဆက်ပြောသည်။
ထိခိုက်ဒဏ်ရာ ရရှိသူများကို လူမှုကယ်ဆယ်ရေးအဖွဲ့အကူအညီဖြင့် သိမ်ဇရပ်မြို့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သတ်ပြီး မည်သည်အဖွဲ့က လုပ်ဆောင်သည်ကိုတော့ သီးခြားအတည်ပြုနိုင်ရှိ မရှိသေးပေ။
မေလ ၂၁ ရက်နေ့ ညကလည်း သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု ကမာစိုင်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းမတွင် ခရီးသည်တင်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ခရီးသည် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။
သထုံမြို့နယ် ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းမတွင် ခရီးသည်တင်ယာဥ်နှင့် လူမှုကယ်ဆယ်ရေးယာဥ်များ ပစ်ခတ်တိုက်ခိုက်ခံရသည့်ဖြစ်စဥ်၊ မိုင်းဆွဲတိုက်ခိုက်ခံရသည့်ဖြစ်စဥ် မကြာခဏဖြစ်လေ့ရှိသည်။