Homeသတင်းမွန်ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှု ပြန်လည်တွေ့ရှိလာ

မွန်ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှု ပြန်လည်တွေ့ရှိလာ

-

မွန်ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှု ပြန်လည်တွေ့ရှိနေသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူတို့ထံမှ သိရသည်။ 

ပြီးခဲ့သည့် မတ်၊ ဧပြီလအတွင်းက ကိုဗစ်ကူးစက်လူနာသစ် ၆၀ ဦးကျော် တွေ့ရှိခဲ့သော်လည်း ၎င်းတို့အားလုံးသည် ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများသာဖြစ်ပြီး မေလတွင် ပြည်တွင်း ကူးစက်မှု ပြန်လည်တွေ့ရှိလာသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအချက်အလက်များအရ မေလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၄၃ ဦးတွေ့ရှိပြီး ၎င်းတို့အားလုံးသည် ပြည်တွင်းကူးစက်သူများဖြစ်ကြောင်း ဆိုသည်။

“အဲ့ဒီလူနာတွေသည် နာမကျန်းဖြစ်လို့ ဆေးရုံကိုရောက်ရှိလာကြသူတွေကို စစ်ဆေးကြည့်တဲ့အခါမှာ တွေ့ရှိရတာဖြစ်ပါတယ်” ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူက ဆက်ပြောသည်။

ကိုဗစ်အတည်ပြုလူနာများအနက် ရောဂါလက္ခဏာပြသူများကို မော်လမြိုင်ပြည်သူ့ဆေးရုံက Isolation Ward (1) တွင် ထားရှိပြီး ဆေးကုသမှုပေးနေကြောင်း၊ ရောဂါလက္ခဏာမပြသူများကို နေအိမ်တွင် ကန့်သတ်ကာ (Home Quarantine) ထားရှိထားကြောင်း ၎င်းက ဆိုသည်။

မေလအတွင်း ကိုဗစ်ကူးစက်မှု ပြန်များလာနိုင်သည့်အတွက် ပြည်သူတွေအနေဖြင့် ကိုဗစ်စည်းကမ်းသတ်မှတ်ချက် လိုက်နာကြရန် ပြည်သူ့ကျန်းမာရေးဌာနက တိုက်တွန်းထားသည်။

“ပြည်သူတွေအနေဖြင့် ထုံးစံအတိုင်းပဲ Mask တပ်ပါ။ လက်ဆေးပါ။ တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာနေပါ။ အဓိကအရေးကြီးဆုံးက ကာကွယ်ဆေးထိုးပြီး (၆) လပြည့်တိုင်း Booster ထိုးကြပါ ပြောချင်ပါတယ်” ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူက တိုက်တွန်းထားသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က မွန်ပြည်နယ်တွင် ကိုဗစ်ပိုးတွေ့လူနာသစ်ပေါင်း ၅၁၀၀ ဦးကျော်ရှိခဲ့ပြီး ကိုဗစ်လူနာ ၈၀ ဦးကျော် သေဆုံးသွားခဲ့သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိစာရင်းများအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts