မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းကရဲစခန်းနှင့် တောင်စွန်းရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဘီးလင်းမြို့နယ်၊ ဝင်းကရဲစခန်းကို မေ ၆ ရက်နေ့ နေ့လည် ၂ နာရီခွဲဝန်းကျင်းအချိန်ခန့်က ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF-KD၊ PDF၊ KRF၊ TPDF၊ ကျိုက်ထို(ပကဖ) နှင့် ဘီးလင်း(ပကဖ) ပူးပေါင်းတပ်ဖွဲ့တို့က ၂၆ မိနစ်ကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ခိုက်မှုဖြစ်စဥ်အတွင်း စစ်ကောင်စီလက်အောက်ခံ ရဲ ၂ ဦး သေဆုံးသွားသည်ဟု ကျိုက်ထိုတော်လှန်ရေးအင်အားစုဘက်က ထုတ်ပြန်ထားသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။
“ရဲစခန်းတိုက်ခိုက်ခံရတာကတော့ ဟုတ်တယ်။ ထိခိုက်သေဆုံးတာ ရှိ မရှိကတော့ စခန်းမှာဆိုတော့ ကျွန်တော်တို့လည်း မသိနိုင်ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
တောင်စွန်းနယ်မြေရဲစခန်းကိုလည်း နေ့လည် ၂ နာရီ ၄၆ မိနစ်အချိန်ခန့်က ဒရုန်ဖြင့် နှစ်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း က်ထိုတော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားချက်တွင် ဖော်ပြထားသည်။
တောင်စွန်းနယ်မြေရဲစခန်း တိုက်ခိုက်မှုဖြစ်စဥ်နှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိ မရှိကိုတော့ အတိအကျ မသိရသေးဘူးလို့လည်း ထုတ်ပြန်ထားသည်။
ဘီးလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်များ မကြာခဏတိုက်ခိုက်ခံရလေ့ရှိသည့်အပြင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးများ၊ အုပ်ချုပ်ရေးမှူးရုံးများ၊ ရဲစခန်းများလည်း မကြာခဏတိုက်ခိုက်ခံရလေ့ရှိသည်။
