မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ဝါးဒတ်ကွင်းကျေးရွာတွင် စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။
သိမ်ဇရပ်အခြေစိုက် ခမရ ၂၀၇ တပ်ရင်းမှ မေ ၃ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကျေးရွာဘက် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။
စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်တစ်လုံးသည် ဝါးဒတ်ကွင်းကျေးရွာရှိ ဦးရာဇထွန်းဆိုသူ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့သည်။
နေအိမ်ပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၃၂ နှစ်အရွယ် ဦးရာဇထွန်း၊ အသက် ၃၁ နှစ်အရွယ် ဒေါ်အိ၊ အသက် ၃ နှစ်အရွယ် မောင်ရှိုင်းလင်းသူနှင့် အသက် ၁၁ နှစ်အရွယ် မဇင်မင်းသူတို့ မိသားစုဝင် ၄ ဦး ထိမှန်ဒဏ်ရာရခဲ့သည်။
“အိမ်ပေါ်မှာ လက်နက်ကျည်ကျလို့ ကလေး ၂ ဦးနဲ့ လင်မယား ၂ ဦး မိသားစုဝင် ၄ ဦး ထိသွားတယ်။ ဒဏ်ရာရသူတွေကို အခု မော်လမြိုင်ဆေးရုံကြီးမှာ ပို့ဆောင်ထားတယ်လို့ သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို သိမ်ဇရပ်ဆေးရုံမှတဆင့် မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူနေရကြောင်း၊ ၄ ဦးအနက် ၃ ဦး ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီ ၂၆ ရက်နေ့ကလည်း စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် သိမ်ဇရပ် ကျောက်ပုံကြီးကွင်းအနီးတွင် ဘုန်းကြီးတစ်ပါး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သေးသည်။
သထုံခရိုင် ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်နေပြီး အရပ်သား ထိခိုက်မှု သေဆုံးမှုလည်း ရှိခဲ့သည်။