မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးအား ယနေ့ ဧပြီလ ၇ ရက်နေ့မှ ဧပြီလ ၂၁ ရက်နေ့ထိ ဖြတ်သန်းသွားလာခြင်း လုံးဝ မပြုလုပ်ရန် တော်လှန်ရေးပူးပေါင်းစစ်ကြောင်းအဖွဲ့များက ထုတ်ပြန်ထားသည်။
ကော့ကရိတ်မြို့နယ်နှင့် မြဝတီမြို့နယ် အာရှလမ်းတလျှောက်တွင် မတ်လ ၂၅ ရက်နေ့မှစပြီး တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်ဟု ဆိုသည်။
အဆိုပါ တိုက်ပွဲများတွင် စစ်ကောင်စီဘက်က များစွာအထိနာလျက်ရှိသည့်အတွက် မြဝတီ – ကော့ကရိတ်အာရှလမ်းမကြီးမှတဆင့် အရပ်သားပြည်သူများ၏ ကားများကို အသုံးပြုပြီး လူအင်အား၊ လက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာများကို ပို့ဆောင်လျက်ရှိကြောင်း ဧပြီလ ၇ ရက်နေ့ ရက်စွဲနှင့် တော်လှန်ရေးပူးပေါင်းစစ်ကြောင်းအဖွဲ့များက ပူးတွဲထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
ထုတ်ပြန်ချက်ကို KNU/KNLA (PC) ၊ ကော်ဘရာစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်း၊ Iron Battalion ၊ ကျားသစ်နက်စစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ ဂဠုန်စစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း နှင့်စစ်ဒေသခွဲအမှတ် (၃) တောင်ပိုင်းစစ်ဒေသ တို့မှ တပ်ရင်းမှူး၊ ဗျူဟာမှူး၊ ဒု – စစ်ဒေသမှူး -၂ နှင့် စစ်ကြောင်းမှူးများ၊ ဒု – စစ်ကြောင်းမှူးတို့ ပူးတွဲ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့ နံနက်အစောပိုင်းအချိန်မှ စတင်ကာ မြဝတီကုန်သွယ်ရေးဇုန်၊ သင်္ဃန်းညီနောက်ရဲစခန်း၊ ကျုံဒိုးနှင့် ကော့ကရိတ်မြို့အနီးဝန်းကျင်တွင် စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ BGF တပ်များနှင့် KNU/KNLA, KTLA,PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်။
ဧပြီလ ၅ ရက်နေ့တွင်လည်း ကော့ကရိတ်မြို့နှင့် မြဝတီမြို့မြောက်ဘက်ရှိ ရွှေကုက္ကိုလ်မြို့သစ်အနီးဝန်းကျင်တွင်လည်း ဧပြီလ ၅ ရက်နေ့မှစပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။
