Homeသတင်းရေး-သံဖြူဇရပ်ကားလမ်းဘေးတွင် ကျည်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်းတွေ့ရှိ

ရေး-သံဖြူဇရပ်ကားလမ်းဘေးတွင် ကျည်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်းတွေ့ရှိ

-

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အောင်သာယာကျေးရွာအနီး ရေး-သံဖြူဇရပ်ကားလမ်းမဘေးတွင် ဧပြီလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က ကျည်ထိဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

အဆိုပါ ကျည်ထိဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားသည် မော့ကနင်ရွာသစ်မှ အသက် ၄၇ နှစ်အရွယ် နိုင်မြင့်နိုင်ဆိုသူဖြစ်သည်ဟု ဆိုသည်။

ဧပြီလ ၂ ရက်နေ့ နံနက်ပိုင်းက အဆိုပါ အမျိုးသားအလောင်းတွေ့ရှိသည့်နေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် တိုက်ပွဲကြောင့် သေဆုံးသွားနိုင်သည်ဟု ဒေသခံတို့က ခန့်မှန်းကြသည်။

“မနက်က အဲနေရာမှာ တိုက်ပွဲဖြစ်တယ်လို့တော့ ပြောတယ်။ အဲအချိန်မှာ ထိသွားတာ သူက ကြားဝင်သွားလို့ဖြစ်မယ်။ ဒဏ်ရာကတော့ ကျည်ဖောက်ဝင်ဒဏ်ရာ ၁၀ ချက်ကျော်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျည်ထိဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားနှင့် မလှမ်းမကမ်းတွင် ၎င်းစီးနင်းလာခဲ့သည့် ဆိုင်ကယ် တွေ့ရှိခဲ့ရကြောင်းလည်း ဒေသခံတို့က ပြောသည်။

ထို့အပြင် ယနေ့ နံနက်အစောပိုင်းကလည်း မော့ကနင်ကျေးရွာမှ ရော်ဘာခြစ်လုပ်သား နှစ်ဦးမှာ စစ်ကောင်စီတပ်သားများမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကျည်မှဒဏ်ရာရရှိခဲ့သေးကြောင်း သိရသည်။

သေဆုံး အမျိုးသားရုပ်အလောင်းကို လူမှုကယ်ဆယ်ရေးအဖွဲ့တို့က လမိုင်းဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟုလည်း သိရသည်။

ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းကလည်း ရေးမြို့နယ် ရေး-သံဖြူဇရပ်ကားလမ်း ဘေးလမိုင်းကျေးရွာနှင့် အေးကမ္ဘာကျေးရွာအကြားတွင် တိုက်ပွဲဖြစ်ပွားပြီး ဒေသခံအမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သေးသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts