spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းကျိုက်ထီးရိုး ဝိဇ္ဇာတောင်တွင် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိ သေဆုံး

    ကျိုက်ထီးရိုး ဝိဇ္ဇာတောင်တွင် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိ သေဆုံး

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးစေတီတော်တည်ရှိရာတောင်အနီးရှိ ဝိဇ္ဖာတောင်တွင် မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

    ကျိုက်ထီးရိုးတောင်ပေါ်တွင် ရရာအလုပ် လုပ်ကိုင်နေသည့် အသက် ၂၅ နှစ်အရွယ် ကိုခင်ဇော်ထွေးဆိုသူသည် ဝိဇ္ဇာတောင်တွင် သစ်ခုတ်လုပ်ငန်းသွားလုပ်ကိုင်ရင်း မြေမြုပ်မိုင်းနင်းမိခြင်းဖြစ်သည်။

    ကိုခင်ဇော်ထွေးသည် မြေမြှုပ်မိုင်းနင်းမိပြီး ပေါက်ကွဲသည့်အရှိန်ကြောင့် ညာခြေထောက်ခြေကျင်းဝတ်ပြတ်တောက်လုဒဏ်ရာနှင့် ခန္ဓာကိုယ်တွင် မိုင်းစထိမှန်ဒဏ်ရာများဖြင့် အခင်းဖြစ်ရာနေရာတွင်ပင် သေဆုံးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    “အဲ့ဒီနေ့ (မတ် ၂၂ ရက်) မနက်ပိုင်းမှာ ကိုခင်ဇော်ထွေးက သူ့အသိလင်မယားနှစ်ယောက်နဲ့အတူ ဝိဇ္ဇာတောင်မှာရှိတဲ့ သစ်ခုတ်တဲ့နေရာမှာ အလုပ်သွားလုပ်ရင်းနဲ့ သူတစ်ယောက်တည်း တောင်ကုန်းပေါ်ကို တက်သွားတဲ့အချိန်မှာ မိုင်းနင်းပြီးတော့ သေဆုံးသွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

    ကိုခင်ဇော်ထွေးသည် ကျိုက်ထီးရိုးတောင်ပေါ်တွင် ရရာအလုပ်လုပ်ကိုင်ပြီး မိသားစုအားရှာဖွေကျွေးမွေးနေသူတစ်ဦးဖြစ်ကြောင်းလည်း ဆိုသည်။

    “ကိုခင်ဇော်ထွေးက တောင်ပေါ်မှာ ရရာအလုပ်လုပ်တယ်။ အလုပ်မရရှိရင် ဟင်းသီးဟင်းရွက်တွေခူးရောင်းတာ၊ သစ်ခုတ်၊ ဝါးခုတ်ရောင်းတာလည်းလုပ်တယ်။ သူသေသွားတော့ သူ့ဇနီးနဲ့ ကလေးလေးနှစ်ယောက် ကျန်ခဲ့တယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။

    ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လကလည်း ကျိုက်ထီးရိုးတောင်ပေါ် ရေတံခွန်သွားရာလမ်းရှိ ဝိဇ္ဇာတောင်အနီးတွင် တောထဲမျှစ်ချိုးသွားသည့် လူငယ်အမျိုးသားတစ်ဦးလည်း မြေမြှုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာများရရှိခဲ့သေးသည်။

    ၎င်းပြင် ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းကလည်း ကျိုက်ထိုမြို့နယ် ချောင်းကွေ့ကျေးရွာအနီးနှင့် ဆောင်နိုင်ကြီးကျေးရွာနှင့် မဲရုံးကြီးကျေးရွာကြားတွင် အမျိုးသား နှစ်ဦး မြေမြှပ်မိုင်းနင်းမိမှုဖြစ်ပွားခဲ့သေးသည်။

    မြေမြုပ်မိုင်းနင်းမိမှုဖြစ်ပွားနေသည့်နေရာတွင် စစ်ကောင်စီတပ်ရော၊ ကရင်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ပါ လှုပ်ရှားသွားလာနေကြသည့်နေရာဒေသဖြစ်ပြီး မြေမြုပ်မိုင်းတွေကို မည်သည့်အဖွဲ့စည်းက ထောင်ထားသည်ကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့လည်း ဒေသခံတို့ထံမှ သိရသည်။

    Photo : ကျိုက်ထီးရိုးစေတီ အနီးတဝိုက်ရှိတောင်တန်းများ

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks