Homeသတင်းမွန်ပြည်နယ် အိမ်ခြံမြေ အရောင်းအဝယ်အေးနေ

မွန်ပြည်နယ် အိမ်ခြံမြေ အရောင်းအဝယ်အေးနေ

-

မွန်ပြည်နယ် အိမ်ခြံမြေ အရောင်းအဝယ်စျေးကွက်သည် လွန်ခဲ့သည့် ၆ လခန့်ကစပြီး အရောင်းအဝယ် အေးလာသည်ဟု မွန်ပြည်နယ် အိမ်ခြံမြေဝန်ဆောင်မှုအသင်းတာဝန်ရှိသူတို့က ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်း၌ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းလာပြီး ငွေရှိသူတို့က အိမ်ခြံမြေများ ဝယ်ယူစုဆောင်းလာသည့်အတွက် အိမ်ခြံမြေအရောင်းအဝယ် ကောင်းခဲ့သည်ဟုလည်း ဆိုသည်။

“စစ်အစိုးရတက်လာတဲ့နောက်ပိုင်းမှာ မြန်မာငွေကျပ်တန်ဖိုးက ကျလာတယ်၊ ပြီးတော့ ဘဏ် ဘဏ်လုပ်ငန်းရပ်တန့်လုနီးပါးဖြစ်သွားတော့ လူတွေက ဘဏ်အပေါ်ယုံကြည်မှုလျော့နည်းသွားတာ၊ မြန်မာငွေအပေါ် ယုံကြည်မှုလျော့နည်းလာပြီးတော့ ငွေကြေးဖောင်းပွမှုက ပိုပြီးဖြစ်လာတော့ လူတွေက လက်ထဲမှာရှိတဲ့ငွေတွေ တန်ဖိုးမရှိတော့မှာ စိုးရိမ်လို့ အိမ်ခြံမြေတွေကို ပြေးဝယ်ကြတယ်။ လူတွေပြေးဝယ်ကျတော့ အိမ်ခြံအရောင်းအဝယ်က ခန ရောင်းအားကောင်းခဲ့တယ်” ဟု မွန်ပြည်နယ် အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း ဥက္ကဋ္ဌက ပြောသည်။

၂၀၂၂ ခုနှစ် အောက်တိုဘာလခန့်ကစပြီး မြန်မာငွေကျပ်တန်ဖိုးအခြေအနေတည်ငြိမ်လာသည်နှင့် အိမ်ခြံမြေစျေးကွက်လည်း အေးလာသည်ဟု ဆိုသည်။

“အဲဒီကနေပြီးတော့ လွန်ခဲ့တဲ့ ၆ လလောက်ကနေ အခုထိပေါ့လေ အခြေအနေငြိမ်သွားတယ်။ ငွေကြေးဖောင်းပွမှုအခြေအနေငြိမ်သွားတယ်။ လူတွေရဲ့ စိုးရိမ်မှု ဘဏ်တွေအခြေအနေလည်း အနည်းငယ်ငြိမ်သွားတယ်။ ပြောရရင် အခြေအနေက ပုံမှန်ပြန်ဖြစ်သွားတယ်။ ၂၀၁၉ မတိုင်ခင်က အခြေအနေလို ပြန်မရောက်ပေးမယ့် အခြေအနေက နဲနဲပြန်ငြိမ်သွားတယ်။ ပုံမှန်ဖြစ်သွားတယ်” ဟု အထက်ပါ အိမ်ခြံမြေဝန်ဆောင်မှုအသင်း ဥက္ကဌက ပြောသည်။

ပြည်နယ်အတွင်း၌ အိမ်ခြံမြေစျေးကွက် အရောင်းအဝယ်အေးနေသော်လည်း အိမ်ခြံမြေဈေးကျဆင်းသွားခြင်း မရှိဘူးလို့လည်း အိမ်ခြံမြေအကျိုးဆောင်တို့ထံမှ သိရသည်။

မြို့တွင်း ခြံမြေဈေးနှုန်းသည် ပေ ၄၀X၆၀ ပတ်လည်တစ်ကွက်လျှင် သိန်း ၄၀၀ ကျပ် မှ သိန်း ၈၀၀ ကျပ်အထိ ပေါက်‌ဈေးရှိနေပြီး မြို့ပြင် ခြံမြေစျေးနှုန်းသည် ပေ ၄၀X၆၀ ပတ်လည်တစ်ကွက်လျှင် သိန်း ၂၅၀ ကျပ် မှ သိန်း ၄၀၀ ကျပ်အကြား ပေါက်ဈေးရှိနေသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts