spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းကျိုက်ထီးရိုးဘုရားဖူးနည်းလာသည့်အတွက် ဈေးဆိုင်ရှင်များ ‌ရပ်တည်ရန် ခက်ခဲလာ

    ကျိုက်ထီးရိုးဘုရားဖူးနည်းလာသည့်အတွက် ဈေးဆိုင်ရှင်များ ‌ရပ်တည်ရန် ခက်ခဲလာ

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဝင်ရောက်မှု နည်းပါးလာသည့်အတွက် ကျိုက်ထီးရိုးဘုရားဝန်းကျင်ရှိ ဈေးဆိုင်များ၊ ပစ္စည်းထမ်းသမားများ ‌ရပ်တည်ရန် ခက်ခဲလာသည်ဟု သိရသည်။

    ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေး မတည်ငြိမ်မှုအခြေအနေကြောင့် လက်ရှိတွင် ကျိုက်ထီးရိုးဘုရားဖူး လာရောက်မှု နည်းပါးလာသည်ဟု ကျိုက်ထီးရိုးဘုရားဂေါပကအဖွဲ့ခေါင်းဆောင် ဦးစိုးလှက ပြောသည်။

    ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်နေ့က ကင်မွန်းစခန်း တောင်တက်မော်တော်ယာဥ်ဂိတ်အနီးတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဘုရားဖူးအမျိုးသမီး ၃ ဦးသေဆုံးပြီး ဘုရားဖူး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့သည့်ဖြစ်စဥ်ဖြစ်ပွားခဲ့ပြီးနောက် ကျိုက်ထီးရိုးဘုရားဖူးမရှိသလောက် နည်းပါးသွားခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ဘုရားဖူးအများဆုံးလာရောက်လေ့ရှိသည့် ဒီဇင်ဘာလတွင် ယခင်က ဘုရားဖူး သိန်းချီ လာရောက်လေ့ရှိသော်လည်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ဘုရားဖူး ၂၈၅၀၀ ကျော်သာရှိခဲ့သည်ဟု ဘုရားဖူးဝင်ရောက်မှုစာရင်းများအရ သိရသည်။
    ဘုရားဖူးဝင်ရောက်မှုနည်းပါးလာသည့်အတွက် ယခင်က တစ်ရက်လျှင် ၁ သိန်းနှင့် ၂ သိန်းကြား ရောင်းအားရှိခဲ့သည့် ဆိုင်တစ်ဆိုင်တွင် လက်ရှိ တစ်ရက် ၂၀၀၀၀ ကျပ်ခန့်သာ ရောင်းအားရှိတော့သည်ဟု ကျိုက်ထီးရိုးတောင်ခြေရှိ အထည်ဆိုင်ရှင်တစ်ဦးက ပြောသည်။ 

    “မရောင်းရတာက များတာပေါ့လေ။ ဘုရားဖူးမှ မရှိတာ ရှိတဲ့လူတွေကလည်း အခုသွား၊ အခုပြန်၊ ဘာမှမဝယ်တာ ကိုယ့်ဆိုင်မှာ ကိုယ်ထိုင် ငုတ်တုတ်ပေါ့။ ဝယ်ရင်တော့လည်း ရောင်းတာပေါ့ မဝယ်တာက များတယ်။ နည်းနည်းပါးပါးပဲလာကြတယ် ဘုရားဖူးက။ တခါတလေကျ စျေးဦးမပေါက်ဘူး။ တခါတလေကျ တစ်သောင်း နှစ်သောင်းပေါ့ အဲလောက်ပဲ၊ စျေးဦးမပေါက်တဲ့နေ့လည်း ရှိတယ်” ဟု အထည်ရောင်းနေသည့် ဒေါ်မာမာအေးက ပြောသည်။ 

    ကျိုက်ထီးရိုးသို့ ဘုရားဖူးလာရောက်မှုနည်းပါးလာသည့်အတွက် ကင်းမွန်စခန်းအပါအဝင် ရင်ပြင်တော်ရှိ ဈေးဆိုင်ခန်းများ၊ ပစ္စည်းထမ်းသမားများ ‌ရပ်တည်ရန် ခက်ခဲလာသည်ဟု ဆိုသည်။

    ဘုရားဖူးဝင်ရောက်မှုနည်းပါးလာပြီး ရောင်းမကောင်းတော့သည့်အတွက် ပိတ်သိမ်းသွားသည့်ဆိုင်အချို့လည်း ရှိနေသည်။

    “ဘုရားဖူးမရှိလို့ ဆိုင်ကို ဒီအတိုင်း ပိတ်ထားတယ်။ မရောင်းဘူး” ဟု အထည်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

    ကျိုက်ထီးရိုး ရင်ပြင်တော်အပါအဝင် ကင်းမွန်စခန်းနှင့် တောင်တော်တဝိုက်တွင် စားသောက်ဆိုင်၊ အထည်ဆိုင်၊ လက်ဆောင်ပစ္စည်းအရောင်းဆိုင်၊ ယိုစုံဆိုင် အစရှိသည့် စျေးဆိုင်ပေါင်း ၂၆၀ ကျော်ရှိသည်ဟု ဘုရားဂေါ်ပကအဖွဲ့ထံမှ သိရသည်။

    ကျိုက်ထီးရိုးဂေါပကအဖွဲ့ကတော့ ဘုရားပွဲတော်ကာလတွင် ပြန်လည်းစည်းကားလာအောင် ကြိုးစားဆောင်ရွက်နေသည်ဟု ဆိုသည်။

    ကျိုက်ထီးရိုးဘုရားပွဲတော်ကာလကို သီတင်းကျွတ်လပြည့်နေ့မှစကာ ကဆုန်လပြည့်နေ့အထိသတ်မှတ်ထားသည်။ ကျိုက်ထီးရိုးပွဲတော်ကာလတွင် နှစ်စဥ် ဘုရားဖူးပြည်သူ သိန်းချီလာရောက်လေ့ရှိပြီး ဒီဇင်ဘာ၊ ဇန်နဝါရီတွင် ဘုရာဖူး လာရောက်မှုအများဆုံးသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks