မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကျုံကဒတ်ကျေးရွာတွင် မတ်လ ၉ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန်ခန့်က ပြည်သူ့စစ်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရသည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ကျုံကဒတ်ကျေးရွာ သံဖြူဇရပ်-ကျိုက္ခမီကားလမ်းဘေးတွေ ကွမ်းယာဆိုင်ဖွင့်ထားသည့် အသက် ၄၀ နှစ်အရွယ် နန်းဝေဟန် (ခ) မောင်လေးကြီးဆိုသူသည် ကွမ်းယာဆိုင်သိမ်းပြီးအပြန် ၎င်းအိမ်ရှေ့အရောက်တွင် ဆိုင်ကယ် နှစ်စီးဖြင့် လူ ၃ ဦးရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် နန်းဝေဟန် (ခ) မောင်လေးကြီးသည် ဘယ်ဘက်တင်ပါးဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ နောက်ကျောရှပ်ထိဒဏ်ရာ နှစ်ချက်ရရှိခဲ့ပြီး ၎င်းအား ကျုံကဒတ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
“ရွာက ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုမောင်လေးကြီးကို သေနတ်ကျည် ၃ ချက်မှန်ပေမယ့် အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ သိရတယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။
ပြည်သူ့စစ် မောင်လေးကြီး ပစ်ခတ်ခံရသည့်ဖြစ်စဥ်နှင့် ပတ်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ကျုံကဒတ်ကျေးရွာရှိ သံသယတရားခံတစ်ဦးအား ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့သော်လည်း လွတ်မြောက်သွားကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။
ပြီးခဲ့သည့် မတ်လ ၆ ရက် နံနက်ပိုင်းကလည်း ဘီးလင်းမြို့နယ် အလူးလေးကျေးရွာတွင် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သထုံခရိုင်ပြည့်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
