Thursday, March 19, 2026
More
    spot_img
    Homeသတင်းကော့သောင်းခရိုင် ဝိုင်ဒင်းကျေးရွာတိုက်ပွဲတွင် PDF ၉ ဦး ကျဆုံး

    ကော့သောင်းခရိုင် ဝိုင်ဒင်းကျေးရွာတိုက်ပွဲတွင် PDF ၉ ဦး ကျဆုံး

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ် ဝိုင်ဒင်းကျေးရွာတိုက်ပွဲတွင် NLD မြို့နယ်ဥက္ကဌအပါအဝင်  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ၉ ဦးကျဆုံးခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

    အင်အား ၅၀ နီးပါးရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခမောက်ကြီးမြို့နယ် ဝိုင်ဒင်းကျေးရွာထဲဘက်ကို မတ် ၄ ရက် နံနက် ၈ နာရီကျော်ခန့်က စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့နှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    နှစ်ဖက်ပစ်ခတ်မှု မိနစ် ၂၀ နီးပါးကြာဖြစ်ပွားခဲ့ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ၉ ဦးကျဆုံးခဲ့ကာ ၎င်းထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ကော့သောင်းမြို့နယ်ဥက္ကဌ ဦးသက်နိုင်လည်း ပါဝင်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

    “ဖြစ်တာက မနေ့ မနက်ပိုင်းကပါ၊ သူတို့(စစ်တပ်) စစ်ကြောင်းက ရွာထဲဝင်လာတာ ဒီဘက်မှာက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရှိနေတယ်။ အဲမှာ တိုက်ပွဲစဖြစ်တာလို့ သိရတယ်။ သူတို့အင်အားကတော့ ၅၀ လောက်ရှိတယ်။ မိနစ် ၂၀ လောက်ပစ်ကြတယ်။ အင်အားမမျှတော့ PDF တွေဘက်က အကျအဆုံးများတယ်။ သူတို့ဘက်က ဝင်လာတဲ့အချိန်က လက်နက်ကြီးတွေနဲ့ပါပစ်တာ သေတာက မြို့နယ်ဥက္ကဌ ကိုသက်နိုင်လည်း ပါတယ်။ အားလုံး ၉ ဦးပေါ့။ PDF ဘက်က ကျတယ်။” ဟု ၎င်းက ပြောသည်။

    တိုက်ပွဲဖြစ်ပွားသည့်ကျေးရွာသည် ထိုင်း-မြန်မာနယ်စပ်ရှိ ကျေးရွာတစ်ရွာဖြစ်ပြီး ကော့သောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့်နယ်မြေဖြစ်သည်။

    အဆိုပါ ဖြစ်စဥ်နှင့် ပတ်သက်ပြီး ကော့သောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိသေးပါ။

    ဝိုင်ဒင်းကျေးရွာတိုက်ပွဲနှင့် ပတ်သက်ပြီး စစ်ကောင်စီထောက်ခံသည့်တယ်လီဂရမ်ချန်နယ်တွေမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ M 4 (၁)လက်၊ M 16 (၁)လက်၊ AK 47 (၁)လက်၊ ကိုးလုံးကျည် (၁)လက်၊ တူမီး (၁)လက်၊ ကျည်ဆံ နှစ်ရာတောင့်၊ ၃၈)လုံး၊ မိုင်း ၄၀ လုံးနီးပါးနှင့် ဆက်စပ်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းကလည်း ခမောက်ကြီးမြို့နယ် ထိုင်း-မြန်မာနယ်စပ်ဘေးရှိကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းကြောင့် အရပ်သား ၁၀၀ ကျော် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသေးသည်ဟု ဒေသခံတို့က ပြောသည်။

    Southern Monitor သုတေသနအဖွဲ့က ပြုစုထားသည့်အချက်အလက်များအရ တနင်္သာရီတိုင်းဒေသကြီးတွင် စစ်တပ်အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ တိုက်ပွဲနှင့် အကြမ်းဖက်ပဋိပက္ခဖြစ်စဉ် ၉၉၈ ကြိမ် ဖြစ်ပွားခဲ့ပြီး ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်ထဲက မြို့နယ်တွေမှာ အများဆုံးဖြစ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks