Homeသတင်းတနင်္သာရီတိုင်းတွင် တစ်လအတွင်း အရပ်သား ၃၄ ဦး သေဆုံး

တနင်္သာရီတိုင်းတွင် တစ်လအတွင်း အရပ်သား ၃၄ ဦး သေဆုံး

-

တနင်္သာရီတိုင်းဒေသကြီးတွင် အရပ်သားသေဆုံးမှုတိုးလာပြီး ဖေဖော်ဝါရီတစ်လအတွင်း အရပ်သားသေဆုံးမှု ၃၄ ဦးရှိခဲ့သည်ဟု Southern Monitor က ထုတ်ပြန်ထားသည့်အချက်အလက်များအရ သိရသည်။

၂၀၂၃ ခုနှစ်တွင် ဇန်နဝါရီလတွင် အရပ်သားသေဆုံးမှု ၂၅ ဦးရှိခဲ့ပြီး ဖေဖော်ဝါရီလအတွင်း၌ အရပ်သားသေဆုံးသူ ၃၄ ဦးအထိ ရှိလာခဲ့သည်။

၂၀၂၁ ခုနှစ်အတွင်း အရပ်သား ၈၇ ဦး သေဆုံးပြီး၊ အရပ်သား ဒဏ်ရာရသူ ၅၆ ဦးရှိခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်အတွင်း အရပ်သားသေဆုံးသူ ၂၄၈ ဦးရှိပြီး၊ အရပ်သား ဒဏ်ရာရသူ ၇၂ ဦးရှိခဲ့သည်ဟု Southern Monitor က ထုတ်ပြန်ထားသည်။

Southern Monitor က စုစည်းထားသည့် အချက်အလက်များအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ အရပ်သားသေဆုံးသူ စုစုပေါင်း ၃၉၄ ဦး ရှိပြီး၊ အရပ်သား ဒဏ်ရာရသူ ၁၄၆ ဦးရှိခဲ့ကာ အရပ်သားထိခိုက်မှု (Civilian casualty) စုစုပေါင်း ၅၄၀ ဦးရှိခဲ့ကြောင်း တွေ့ရှိရသည်ဟု ဆိုထားသည်။

ပဋိပက္ခကြောင့် အရပ်သားထိခိုက်မှုအများဆုံးသည် လောင်းလုံးမြို့နယ်ဖြစ်ပြီး အရပ်သားသေဆုံးသူ စုစုပေါင်း ၁၀၇ ဦးနှင့် အရပ်သား ဒဏ်ရာရသူ ၂၉ ဦးရှိခဲ့ကြောင်း အလားတူ ရေဖြူ၊ ထားဝယ်၊ ပုလော၊ သရက်ချောင်းမြို့နယ်တို့တွင်လည်း အရပ်သားထိခိုက်မှု များပြားကြောင်းလည်း Southern Monitor က ထုတ်ပြန်ထားသည်။

လက်နက်ကိုင်ဆောင်ထားသည့် အဖွဲ့အစည်းများအားလုံးအနေနှင့်  အရပ်သားထိခိုက်မှုအနည်းဆုံးဖြစ်အောင် စစ်ရေးကျင့်ဝတ်များကို အတတ်နိုင်ဆုံး လိုက်နာသင့်သည်ဟု Southern Monitor က တိုက်တွန်းထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်းအတွင်း စစ်တပ်အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ တိုက်ပွဲ ၃၅၈ ကြိမ်၊ ဗုံးကွဲခြင်း၊ မိုင်းဆွဲခြင်း၊ ဒရုန်းဖြင့်တိုက်ခိုက်သည့်ဖြစ်စဥ် ၂၄၃ ကြိမ်နှင့် လုပ်ကြံသတ်ဖြတ်မှုနှင့် အရပ်သားထိခိုက်မှုဖြစ်စဉ် ၃၉၇ ကြိမ် ဖြစ်ပွားခဲ့သည်ဟုလည်း ထုတ်ပြန်ပါရှိသည်။

ယခုဖော်ပြသည့် အချက်အလက်တွေဟာ လက်လှမ်းမီသလောက်စုစည်းထားသည့်အချက်အလက်များဖြစ်ပြီး မြေပြင်တွင် ယခုထက်ပိုများနိုင်သည်ဟုလည်း ဆိုထားသည်။

စစ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်များနှင့် လက်အောက်ခံအဖွဲ့အစည်းများလက်ချက်ကြောင့် အရပ်သားနေအိမ် ၄၃၅ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု Southern Monitor က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts