spot_img
Sunday, February 23, 2025
More
    spot_img
    Homeမေးမြန်းချက်မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေနှင့် တွေ့ဆုံမေးမြန်းထားခြင်း

    မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေနှင့် တွေ့ဆုံမေးမြန်းထားခြင်း

    -

    မေး – မွန်ညီညွတ်ရေးပါတီအနေနဲ့ ပါတီမှတ်ပုံတင်ဖို့ အခြေအနေဘယ်လိုရှိလဲ။

    ဖြေ – ကျွန်တော်တို့ မွန်ညီညွတ်ရေးပါတီအနေနဲ့ ကျွန်တော်တို့ ဗဟိုကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အရပေါ့နော် မွန်ပြည်နယ်အဆင့်အနေနဲ့ မှတ်ပုံတင်သွားမယ်။ ပြည်ထောင်စုတဝှမ်းလုံးကိုကျတော့ အခက်အခဲရှိတဲ့အတွက်ကြောင့် မွန်ပြည်နယ်အနေနဲ့ပဲ တင်သွားမယ်၊ နောက်ပြီးတော့ ကရင်ပြည်နယ်အတွက်လည်း ကျွန်တော်တို့ တင်သွားဖို့ရှိတယ်။ ဒီမွန်ညီညွတ်ရေးပါတီနာမည်နဲ့ပဲပေါ့။

    မေး – မွန်ပြည်နယ်မှာရော ကရင်ပြည်နယ်မှာရော ပြည်နယ်ခွဲပြီး မှတ်ပုံတင်ရမယ်ဆိုတော့ အခက်အခဲဘာတွေရှိလဲ။  

    ဖြေ – အခက်အခဲကျတော့ အဓိက ပြည်နယ်အဆင့်အနေနဲ့ကတော့ ကရင်ပြည်နယ်မှာ အသစ်ပြန်တင်ရမှာပေါ့နော်၊ အခက်အခဲကျတော့ မွန်ပြည်နယ်မှာကျတော့ မွန်ညီညွတ်ရေးပါတီအနေနဲ့တင်မယ်၊ ကရင်ပြည်နယ်မှာကျတော့ မွန်ညီညွတ်ရေးပါတီ ကရင်ပြည်နယ် အဲလို တင်မှာပေါ့နော် အဲတော့ မွန်ညီညွတ်ရေးပါတီနာမည်နဲ့ ကရင်ပြည်နယ်မှာ ရ၊ မရတော့ မသေချာဘူးပေါ့နော်။ အဲဒါတော့ရှိတာပေါ့ နောက်ပြီးတော့ ကရင်ပြည်နယ်မှာ ကျွန်တော်တို့ ပါတီအသစ်ထူထောင်မယ်ဆိုတော့ ပါတီဝင်အင်အားရော ငွေရောရော အကုန်လုံးက လှုပ်ရှားနေပြီးပေါ့နော် စည်းရုံးရေးဆင်းနေကြတယ်။

    မေး – ရန်ကုန်နဲ့ တနင်္သာရီတိုင်းဒေသကြီးမှာရော ဘယ်လိုလုပ်ဖို စီစဥ်ထားလဲ။

    ဖြေ – ရန်ကုန်နဲ့ တနင်္သာရီ ပဲခူးကျတော့ အရင်ရှိပြီးသား ပါတီဝင်ဟောင်းတွေက မွန်ညီညွတ်ရေးပါတီထဲမှာပဲ ရှိနေတယ်။ သူတို့ နှုတ်မထွက်ကြဘူး။ သူတို့ စည်းရုံးလို့ လူအင်အား ၁၀၀၀ ရှိမယ်။ ပိုက်ဆံသိန်း ၁၀၀ ရှိမယ်ဆိုရင် သူတို့ ရန်ကုန်၊ တနင်္သာရီ ပဲခူး မှတ်ပုံတင်ပြန်လျှောက်မယ် အဲလိုတော့စဥ်းစားထားတယ်။

    မေး – တကယ်လို့ စစ်ကောင်စီက ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ဘူးဆိုရင် ဘယ်လိုအခင်းအကျင်းမျိုးဖြစ်လာနိုင်မလဲ။

    ဖြေ – လောလောဆယ်ကတော့ အရေးပေါ်ကာလအခြေအနေကလည်း အခုထက်ထိမကုန်ဆုံးသေးဘူးဆိုတော့ ကျွန်တော်တို့မြင်တာတစ်ခုက ရွေးကောက်ပွဲတော့ဖြစ်မယ် ဒါပေမယ့် ဘယ်လိုဖြစ်မလဲဆိုတာကတော့ ကျွန်တော်တို့လည်း အတိအကျတော့ မပြောနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အသံထွက်နေတာကတော့ သန်းခေါင်စာရင်းပြန်ကောက်မယ် လူဦးရေစာရင်းကောက်မယ်ဆိုတော့ ရွေးကောက်ပွဲက ဖြစ်တော့ ဖြစ်မှာပေါ့ ဒါပေမယ့် ဘယ်လိုအခြေအနေဖြစ်မလဲဆိုတာ ကျွန်တော်တို့လည်း မခန့်မှန်းနိုင်သေးဘူး။

    မေး – စစ်ကောင်စီဥက္ကဌက ပြောထားတာရှိတယ် ရွေးကောက်ပွဲကျင်းပမယ် အနိုင်ရတဲ့ပါတီကို နိုင်ငံတော်အာဏာလွှဲပေးမယ်ဆိုတဲ့အပေါ်မှာ ဘယ်လိုအာမခံချက်ရှိလဲ (ဘယ်လိုမြင်လဲ)။

    ဖြေ – ကျွန်တော်တို့ လက်ရှိအနေအထားအရပေါ့လေ ပြည်ထောင်စုတဝှမ်းလုံးမှာ ဝင်ပြိုင်တဲ့ပါတီတော့ သိပ်မရှိဘူးပေါ့။ သိမ်မရှိတော့ နိုင်မယ့်အနေအထားက ပြည်ခိုင်ဖြိုးရယ် နောက်ပြီးတော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရယ်၊ NLD ကတော့ မပြိုင်ဘူးဆိုတော့လေ အဲတော့ တကယ်လို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့ အခြားပါတီကလည်း အနည်းအကျဥ်းပဲနိုင်တာ အထူးသဖြင့်တော့ ပြည်ခိုင်ဖြိုးက အများကြီးနိုင်မှာပေါ့ အဲတော့ အာဏာအပ်မယ်ဆိုရင်လည်း ပြည်ခိုင်ဖြိုးကိုပဲ အာဏာအပ်နိုင်မှာပေါ့ အဲလိုရှိတာပေါ့နော် လက်ရှိအနေအထားအရပေါ့။

    မေး – လက်ရှိနိုင်ငံရေးအကြပ်အတည်းကိုဖြေရှင်းဖို့ဆိုရင် ရွေးကောက်ပွဲတစ်ခုတည်းနဲ့ လုံလောက်တဲ့အနေအထားမျိုးရှိလား။ ရွေးကောက်ပွဲမဟုတ်ပဲ အခြားနည်းလမ်းနဲ့ ဖြေရှင်းလို့ရတဲ့အနေအထားတွေ့ရလား။

    ဖြေ – အခြားနည်းလမ်းက ကျွန်တော်တို့အမြဲတမ်းပြောနေကြတာက တွေ့ဆုံဆွေးနွေးရေးပေါ့နော် တွေ့ဆုံဆွေးနွေးရေးကလည်း အကန့်အသတ်လေးရှိလို့ရှိရင် ဒါကတော့ တော်တော်လေးဖြေရှင်းရတာ ခတ်တယ်။ နိုင်ငံရေးထွက်ပေါက်က တကယ်လို့ အကန့်အသတ်မရှိပဲ ဒီပြဿနာထဲမှာ ပါဝင်နေတဲ့ ပုဂ္ဂိုလ်အဖွဲ့အစည်းအားလုံးက ဆွေးနွေးနိုင်မယ်ဆိုလို့ရှိရင် ဒါကတော့ ရွေးကောက်ပွဲမဟုတ်တဲ့နည်းလမ်းအနေနဲ့ ကျွန်တော်တို့ဖြေရှင်းလို့ရတာပေါ့ တကယ်လို့ အဲလိုမဖြစ်ဘူးဆိုလို့ရှိရင် ကျွန်တော်တို့ ရွေးကောက်ပွဲကိုပဲ ကျွန်တော်တို့ မျှော်လင့်ရမှာပေါ့ ဥပမာ ရွေးကောက်ပွဲဖြစ်မယ်ဆိုလို့ရှိရင် လွှတ်တော်တွေရှိလာမယ်။ နောက်ပြီးတော့ ဘာပဲပြောပြောပေါ့ အရပ်သားအစိုးရပဲပြောပြောပေါ့နော် ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရရှိလာမယ်ဆိုလို့ရှိရင် အစိုးရက မလုပ်သည့်တိုင်အောင် လွှတ်တော်က ဖိအားပေးမယ်ဆိုလို့ရှိရင် ကျွန်တော်တို့က ဖြေရှင်းရလွယ်ကူတဲ့နည်းလမ်းတစ်ခုဖြစ်မှာပေါ့နော့် အဲဒါကြောင့် ကျွန်တော်တို့က ရွေးကောက်ပွဲက ဖြစ်ရင်တော့လည်း ကောင်းတဲ့အနေအထားမျိုးဖြစ်သလို တွေ့ဆုံဆွေးနွေးမှုကလည်း အကန့်အသတ်မရှိ အဲဒီပြဿနာထဲမှာ ပါဝင်နေတဲ့လူအားလုံးက တွေ့ဆုံဆွေးနွေးနိုင်မယ်ဆိုရင် ဖြေရှင်းလို့ရမယ့်နည်းလမ်းတစ်ခုပေါ့။

    မေး – စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားတဲ့နယ်မြေမှာ ရွေးကောက်ပွဲကျင်းပနိုင်မယ့်အနေအထားမျိုးရှိလား။

    ဖြေ – အဲဒါတော့ ရွေးကောက်ပွဲကျင်းပနိုင်မယ့်အနေအထားတော့ သိပ်မရှိဘူး ဒါပေမယ့် တကယ်လို့ကျင်းပမယ်ဆိုလို့ရှိရင် ကျင်းပလို့ရတာတော့ ဒါပေမယ့် တစိတ်တပိုင်းပဲဖြစ်မှာပေါ့ တမြို့နယ်လုံးတော့မဟုတ်ဘူးပေါ့ မဲဆန္ဒနယ်အပေါ်မှာ မူတည်တာပေါ့ ဥပမာ မြို့နယ်တမြို့နယ်မှာ မဲဆန္ဒနယ် ၂ ခုထားလို့ရှိရင် တဝက်လောက်တော့ ရွေးကောက်ပွဲလုပ်နိုင်မယ် ကျန်တဝက်က မလုပ်နိုင်ဘူး။ အဲလိုမျိုးဖြစ်မယ့်အနေအထားတော့ရှိတာပေါ့ တချို့လည်း အားလုံးလုပ်နိုင်တဲ့အနေအထားလည်းရှိမှာပါ။

    မေး – စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘာများဖြည့်စွတ်ပြောချင်တာရှိလဲ။

    ဖြေ – ကျွန်တော်တို့က ရွေးကောက်ပွဲ ဝင်ပြိုင်မယ် မပြိုင်ဘူးဆိုတာ ဘာမှလဲ မပြောလိုဘူး။ ရွေးကောက်ပွဲဥပဒေလည်း မထွက်သေးဘူး။ နောက်ပြီးတော့ ပါတီက လူထုကြားထဲမှာ စည်းရုံးလှုံ့ဆော်မှုတွေလုပ်နိုင်အောင် လူထုနဲ့ အမြဲတမ်းထိတွေ့နိုင်အောင် ကျွန်တော်တို့ မွန်ညီညွတ်ရေးပါတီက မှတ်ပုံတင်ရတာပေါ့ ဒါကတော့ ရွေးကောက်ပွဲကတော့ နောက်တဆင့်ပေါ့ ဥပဒေထွက်လာပြီးနောက်ပိုင်းမှလည်း ဆုံးဖြတ်ကြတာပေါ့ ဗဟိုကော်မတီက အဲလိုတော့ ဆုံးဖြတ်ထားတယ်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    33,200SubscribersSubscribe
    spot_img

    Latest posts