Thursday, March 12, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်နှင့် မော်လမြိုင်တွင် ပေါက်ကွဲမှု ဆက်တိုက်ဖြစ်

    သံဖြူဇရပ်နှင့် မော်လမြိုင်တွင် ပေါက်ကွဲမှု ဆက်တိုက်ဖြစ်

    -

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ပြည်နယ် လဝကရုံး၊ လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့နှင့် သံဖြူဇရပ်မြို့ ကျောင်းပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင့် ဒေသခံတို့ထံမှ သိရသည်။

    ဖေဖေါ်ဝါရီလ ၂၃ ရက်၊  နံနက် (၆) နာရီအချိန်ခန့်က သံဖြူဇရပ်မြို့ ကျောင်းပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရုံးအဆောက်အဦး ထိခိုက်ပျက်ဆီးမှုများရှိခဲ့ကြောင်း မြို့ခံတို့ထံမှ သိရသည်။

    “အုပ်ချုပ်ရေးမှူးရုံးမှာ  မိုင်းပေါက်ကွဲမှုဖြစ်တဲ့ ဖြစ်စဉ်မှာ လူထိခိုက်မှုမရှိဘူးလို့ သိရတယ်။ ဒါပေမယ့် ရုံးအဆောက်အဦးကတော့ အမိုးတွေရော၊ အကာအရံတွေပါ ပျက်ဆီးနေတာမျိုးတွေ့ရတယ်။ ရုံးထဲမှာလည်း ခုံတွေဘာတွေ ပျက်ဆီးနေတာမျိုးတွေ့ရတယ်” ဟု ၎င်းမြို့ခံက ဆက်ပြောသည်။

    ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်များ ရောက်ရှိလာပြီး စစ်ဆေးမှုများလုပ်ဆောင်ခဲ့သည့်အပြင် သံဖြူဇရပ်မြို့အဝင်အထွက်နေရာများတွင်လည်း ပိတ်ဆို့စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။

    ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်အချိန်ခန့်ကလည်း မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက် စျေးကြိုအဝိုင်အနီးရှိ ပြည်နယ် လ.ဝ.က ရုံးရှေ့ တွင် အသံမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဈေးကြိုရပ်ကွက်နေသူတစ်ဦးက ပြောသည်။

    “ပေါက်ကွဲသံက အကျယ်ကြီးကြားလိုက်ရတယ်။ ပေါက်ကွဲတဲ့အချိန်က လမ်းသွားလမ်းလာ နည်းနည်းရှင်းနေတဲ့အချိန်ဆိုတော့ လူထိခိုက်မှုတွေ မတွေ့ရဘူး” ဟု ၎င်းက ဆက်ပြောသည်။

    အလားတူ လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင်လည်း ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ ည ၁၀ နာရီဝန်းကျင်အချိန်ခန့်က အသံမိုင်းပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်းနှင့် ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိဘူးဟု သိရကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

    ပြည်နယ်လဝကရုံးနှင့် လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မိုင်းပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိသလို အဆောက်အဦး ထိခိုက်ပျက်ဆီးမှုလည်းမရှိကြောင်း မြိုခံတို့ထံမှ သိရသည်။  

    စစ်တပ်အာဏာသိမ်းပြီးနောက် မော်လမြိုင်နှင့် သံဖြူဇရပ်မြို့တို့တွင် ပေါက်ကွဲမှု မကြာခဏဖြစ်ပွားလေ့ရှိပြီး လူထိခိုက်သေဆုံးသည်အထိလည်း ရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks