မွန်ပြည်နယ်၊ သထုံမြို့နယ် ထောင်မှူးကျေးရွာအုပ်စု၊ လေးတိုင်ကျေးရွာရှိ လက်ဖက်ရည်ဆိုင်တွင် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဒေသခံ ၁ ဦးသေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က သေနတ်သမား ၄ ဦးတို့က ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး လေးတိုင်ကျေးရွာရှိ “ဦးရွှေဘိုး” လက်ဖက်ရည်ဆိုင်ထဲကို ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။
ထိုပစ်ခတ်မှုကြောင့် လက်ဖက်ရည်ဆိုင်တွင်ရှိနေသည့် ကိုဝင်းလွင်ဦးဆိုသူသည် အခင်းဖြစ်ပွားရာတွင် သေဆုံးခဲ့ပြီး ဦးရွှေဖိုး၊ ဦးကျော်ဇော၊ ဦးသန်းထွန်းနှင့် ဦးခင်အောင်တို့က ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ကိုဝင်းလွင်ဦးက လက်ဖက်ရည်ဆိုင်ထဲမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တယ်။ သူက အဲ့ဒီလက်ဖက်ရည်ဆိုင်အနီးက ဖုန်းပြင်ဆိုင်ကပါ။ နောက် ဦးရွှေဖိုး၊ ဦးကျော်ဇော၊ ဦးသန်းထွန်းနဲ့ ဦးခင်အောင် တို့က ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြတယ်။ သူတို့ကိုတော့ လူနာတင်ယာဉ်တွေနဲ့ သထုံခရိုင်ပြည်သူ့ဆေးရုံကိုပို့ဆောင်လိုက်ကြတယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။
လက်ဖက်ရည်အဆိုင်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးရှိနေသည့်အထင်ဖြင့် သေနတ်သမားတို့က ပစ်ခတ်သွားသည်ဟု ယူဆရကြောင်း ဒေသခံတို့က ဆိုသည်။
သေနတ်သမားတို့က သေနတ်ဖြင့် ပစ်ခတ်ပြီး ပြန်ထွက်သွားချိန်တွင် Wave – 100 အမျိုးအစား ဆိုင်ကယ်တစ်စီးပါ ယူဆောင်သွားသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။
လေးတိုင်ကျေးရွာ “ဦးရွှေဘိုး” လက်ဖက်ရည်ဆိုင်ထဲ ပစ်ခတ်မှုဖြစ်စဥ်နှင့် ပတ်သက်ပြီး စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်အကောင့်မှာတော့ PDF လက်ချက်ဟု ထုတ်ပြန်ထားသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။
ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်ခန့်ကလည်း သထုံမြို့နယ် ကမာစိုင်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာလမ်းဝ ရန်ကုန် – မော်လမြိုင်အဝေးပြေးကားလမ်းတွင် ကုန်တင်ဟိုင်းလတ်ယာဉ်တစ်စီး လက်နက်ငယ်ဖြင့် ပစ်ခတ်ခံရပြီး ယာဉ်မောင်းသေဆုံးသွားခဲ့သည်။