Tuesday, March 10, 2026
More
    spot_img
    Homeသတင်းသထုံမြို့နယ်တွင် ကုန်တင်ကားတစ်စီး ပစ်ခတ်ခံရပြီး ယာဉ်မောင်းသေဆုံး

    သထုံမြို့နယ်တွင် ကုန်တင်ကားတစ်စီး ပစ်ခတ်ခံရပြီး ယာဉ်မောင်းသေဆုံး

    -

    မွန်ပြည်နယ်၊ သထုံမြို့နယ် ဒုံဝန်းကျေးရွာအုပ်စု ကမာစိုင်ရွာသစ်ကျေးရွာလမ်းဝ ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမပေါ်တွင် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်ခန့်က ကုန်တင်ယာဉ်တစ်စီး ပစ်ခတ်ခံရပြီး၊ ယာဉ်တိမ်းမှောက်ကာ ယာဉ်မောင်းသေဆုံးသွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ကုန်တင်ဟိုင်းလတ်ယာဥ်တစ်စီးသည် သထုံမြို့ဘက်မှ ဘီးလင်းမြို့ဘက်သို့ ထွက်ခွာလာစဥ် ကမာစိုင်ရွာသစ်ကျေးရွာလမ်းဝအရောက်တွင် လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရပြီး လမ်းဘေးထိုးဆင်းသွားကာ ရွာသစ်ကျေးရွာအဝင်ဇရင်အား တိုက်မိကာ ရပ်တန့်သွားခဲ့သည်။

    “မနက် ၆ နာရီခွဲလောက်မှာ လက်နက်ငယ်ပစ်ခတ်သံတွေ ဆက်တိုက်ကြားလိုက်ရတယ်။ တိုက်ပွဲဖြစ်တယ်ထင်ပြီးတော့ ပြေးပုန်းလိုက်ရသေးတယ်။ ခဏကြာတော့ ပစ်ခတ်သံတွေမကြားတော့ဘူး။ နောက်တော့ ကားလမ်းမဘက်ထွက်ကြည့်တာ လမ်းဘေးမှာ ကုန်တွေတင်ထားတဲ့ ဟိုင်းလတ်ယာဉ်တစ်စီး  ရွာသစ်ကျေးရွာအဝင်ဇရပ်ကို ဝင်တိုက်ပြီးတော့ တိမ်းမှောက်နေတာမျိုးတွေ့ရတယ်” ဟု ကမာစိုင်ဒေသခံတစ်ဦးက ပြောသည်။

    ယာဥ်မောင်းဖြစ်သူသည် ကားခေါင်းခန်းအတွင်း ပိ၍သေဆုံးနေသည်ကို တွေ့ရကြောင်းနှင့် ဟိုင်းလတ်ယာဉ်တွင် ကျည်ပေါက်ရာ အများအပြားတွေ့ရကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။

    လက်နက်ငယ်များဖြင့်ပစ်ခတ်ခံရပြီး တိမ်းမှောက်သွားသည့်ယာဥ်မှ ယာဥ်မောင်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဆူးတက်ကျေးရွာနေ ကိုနိုင်မင်းထွန်း (ခ) ဝက်ကလေး ၃၄ နှစ်အရွယ်ဆိုသူဖြစ်ကြောင်း သိရသည်။

    ကုန်တင်ဟိုင်းလတ်ယာဉ်မောင်း ကိုနိုင်မင်းထွန်း၏ ရုပ်အလောင်းကို မိုးကောင်းကယ်ဆယ်ရေးနှင့်

    နာရေးကူညီမှုအသင်းမှ သိမ်ဆိပ်တိုက်နယ်ဆေးရုံရှိ ယာဉ်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

    အဆိုပါ ကုန်တင်ဟိုင်းလတ်ယာဥ် ပစ်ခတ်ခံရမှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့က မည်သည့်အကြောင်းကြောင့် ပစ်ခတ်သွားသည်ကို မသိရှိရသေးပေ။

    ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်နေ့ ညပိုင်းကလည်း သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာအ‌နီး ရန်ကုန် – မော်လမြိုင်ကားလမ်းတွင် မိုင်းပေါက်ကွဲပြီး ကုန်ပစ္စည်းများ တင်ဆောင်လာသည့် အန်စာတုံးယာဉ်တစ်စီး ထိခိုက်ပျက်ဆီးခဲ့သေးသည်။

    အလားတူ ဇန်နဝါရီ ၂၅ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်းဆုံနေရာတွင် ဘုရားဖူးယာဉ်ပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အမျိုးသားတစ်ဦး သေဆုံးကာ၊ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

    ရန်ကုန်-မော်လမြိုင် ကားလမ်းပိုင်းရှိ သထုံမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တို့တွင် ပစ်ခတ်တိုက်ခိုက်မှုတွေ၊ မိုင်းဆွဲတိုက်ခိုက်ခံရမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks