ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၈ ဦးနှင့် ကားနှင့်ခေါ်လာသည့် မြန်မာအမျိုးသား ၁ ဦးတို့ကို ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းက ကင်းလှည့်နေသည့် ထိုင်းစစ်တပ်တို့က ဖမ်းဆီးခဲ့သည်ဟု ထိုင်းသတင်းဌာနဖော်ပြချက်အရ သိရသည်။
ဖမ်းဆီးခံရသူများသည် ကော့သောင်းကနေ ရေလမ်းကြောင်းဖြင့် ဝင်ရောက်လာပြီး ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်၊ ကန်ချနဘူရီမြို့နယ် မယ်မုကျေးရွာတွင် ထိုင်းစစ်တပ်တို့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူ ၉ ဦးတွင် ကားနှင့် လာကြိုသည့် အမျိုးသားတစ်ဦးအပါအဝင် အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ ပါဝင်ပြီး မော်လမြိုင်မြို့ကနေ လာရောက်ကြသည်ဟု သိရသည်။
ဖမ်းဆီးခံ မြန်မာနိုင်ငံသားများသည့် ပွဲစားခအဖြစ် ၁ ဦးလျှင် ထိုင်းဘတ် ၁၅,၀၀၀ ပေးချေပြီး တရားမဝင် ဝင်ရောက်ခဲ့သည်ဟုလည်း ထိုင်းစစ်တပ်က ဆိုသည်။
“တစ်နေ့တစ်နေ့ ဖမ်းမိနေတာ နည်းတာမဟုတ်ဘူး။ နိုင်ငံရေးအခက်အခဲဖြစ်နေတဲ့အချိန်မှာ စီးပွားရေးလည်း အဆင်မပြေတော့ စွန့်စားပြီးသွားကြတာများတယ်” ဟု ပွဲစားတစ်ဦးက ပြောသည်။
ဖမ်းဆီးရမိသူများကို ထိုင်းနိုင်ငံဥပဒေအရ အရေးယူနိုင်ရေး ရနောင်းခရိုင် ပေါက်ကျန်ရဲစခန်းကို ပို့ဆောင်ထားကြောင်း ထိုင်းသတင်းဖော်ပြချက်အရ သိရသည်။