ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ခေါက်စန်လမ်း ညဈေးတန်းတွင် ဈေးရောင်းနေသည့် မြန်မာနိုင်ငံသား ၁၁ ဦးကို ထိုင်းရဲတို့က ဖမ်းဆီးခဲ့သည်ဟု သိရသည်။
ဖမ်းဆီးခံရသည့် ၁၁ ဦးထဲတွင် အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၇ ဦး ပါဝင်ပြီး ခေါက်စန်လမ်း ညဈေးတန်းတွင် ပလာတာနှင့် စားစရာများ ရောင်းချနေသူများဖြစ်သည်။
တရားမဝင် ဈေးရောင်းနေသည်ဟု တိုင်ကြားချက်များ ရရှိထားခြင်းကြောင့် ထိုင်းလဝကရဲအရာရှိများက ခရီးသွားဟန်ဆောင်ကာ ဝင်ရောက် ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။
အဆိုပါ ညစျေးတွင် စျေးရောင်းချနေသူများသည် စျေးနိုင်ငံကူးလက်မှတ်၊ နေထိုင်အလုပ်လုပ်ကိုင်ခွင့်အထောက်အထားမရှိသူများဖြစ်ကြပြီး စစ်ဆေးမေးမြန်းရာ ၄င်းတို့ပိုင်ဆိုင်သည့် ဈေးလှည်းများကိုထားပြီး ထွက်ပြေးသွားကြသဖြင့် ၁၁ ဦးကိုသာ ဖမ်းမိခဲ့သည်ဟုလည်း သတင်းတွေမှာ ဖော်ပြထားသည်။
“ထိုင်းလဝကက အခုတလောအဖမ်းအဆီးများလာတယ်။ လမ်းဘေးစျေးဆိုင်အချို့ကို ဝင်စစ်တာတွေ၊ သတင်းရလို့ဝင်စစ်နေတာမျိုးျို စိပ်စိပ်လုပ်လာတယ်။ ဒါကြောင့် မြန်မာရွေ့ပြောင်းလုပ်သားတွေအနေနဲ့ သတိထားပြီးနေဖို့ကျနော်တို့ တိုက်တွန်းတယ်။ အခုအဖမ်းခံရတဲ့ကိစ္စကိုလည်း ကူညီဖို့ ကျနော်တို့လုပ်နေပါတယ်၊ ဒါပေမဲ့ အထောက်အထားဘာမှမရှိတဲ့သူတွေပါတဲ့အခါမှာ ကူညီဖို့ခက်ခဲတယ်။ ဒါကြောင့် အထောက်အထားတခုခုကို လုပ်ထားရင် သက်တမ်းတိုးဖို့၊ မလုပ်ရသေးရင်လည်း လုပ်ထားဖို့ကို သတိပေးနေရတယ်” ဟု မြန်မာအလုပ်သမားများကို ကူညီစောင့်ရှောက်ပေးနေသည့် အဖွဲ့အစည်းတခုက ပြောသည်။
ထိုင်းနိုင်ငံသည် ၄င်းတို့နိုင်ငံသားများကိုသာ စျေးရောင်းချခွင့်ပေးထားပြီး မြန်မာအပါအဝင် အခြားသော နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ရောင်းချခွင့်ကို တားမြစ်ထားပြီး စျေးရောင်းသူများနှင့် တရားမဝင် နေထိုင်သူများကို ထိုင်းနိုင်ငံဆိုင်ရာ ဥပဒေများနှင့် အရေးယူသွားမည်ဟု သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် တရားမဝင်ဈေးရောင်းချနေသည့် မြန်မာအမျိုးသမီးတစ်ဦးကို ထိုင်းလဝကရဲများက ဖမ်းမိခဲ့သည်ဟု ချင်းမိုင်လဝကရုံးက ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံအတွင်း စစ်ဆေးမှုများ ပိုမိုများပြားလာခြင်းကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အလုပ်လုပ်ကိုင်ခွင့် work permits၊ ပန်းရောင်ကတ်(ဘတ်)များရိုက်ထားရန်၊ သက်တမ်းတိုးလုပ်ငန်းများလုပ်ဆောင်ထားရန်ကိုလည်း မြန်မာအလုပ်သမားအဖွဲ့များက သတိပေးထားသည်။