spot_img
Friday, February 20, 2026
More
    spot_img
    Homeသတင်းဆားကြမ်းစျေးကျလို့ ဆားတောင်သူတွေ တွက်ခြေမကိုက်ဖြစ်နေ

    ဆားကြမ်းစျေးကျလို့ ဆားတောင်သူတွေ တွက်ခြေမကိုက်ဖြစ်နေ

    -

    မွန်ပြည်နယ်တွင် ဆားကြမ်းအသစ်ထွက်သည့်ကာလတွင် ဆားကြမ်းစျေး ထက်ဝက်နီးပါး ကျသွားသည့်အတွက် ဆားတောင်သူများ တွက်ခြေမကိုက်ဖြစ်နေသည်ဟု ပြည်နယ်အတွင်းရှိ ဆားတောင်သူတို့ထံမှ သိရသည်။

    ဆားကြမ်းစျေးသည် ဇန်နဝါရီလဆန်းပိုင်းအတွင်း တစ်ပိဿာ ၂၅၀ ကျပ်အထိ ပေါက်ဈေးရှိခဲ့ရာမှ ဖေဖေါ်ဝါရီလဆန်းပိုင်းတွင် ဆားကြမ်းတစ်ပိဿာလျှင် ကျပ် ၁၃၀ အောက် စျေးကျသွားခဲ့သည်ဟု စျေးကွက်အတွင်းမှ သိရသည်။

    ယခုနှစ် ဆားထုတ်လုပ်ရာသီတွင် ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် ဆားထုတ်လုပ်မှုကုန်ကျစရိတ်ကြီးမြင့်ခဲ့သည့်အတွက် ဆားကြမ်းစျေး တစ်ပိဿာ ကျပ် ၁၅၀ ရရှိမှသာ တွက်ခြေကိုက်မည်ဟု သံဖြူဇရပ်မြို့နယ် ပငကျေးရွာမှ ဆားတောင်သူတစ်ဦးက ပြောသည်။ 

    “ဒီနှစ်ဆားရာသီမှာ စက်သုံးဆီဈေးကြီးတာရယ်၊ အလုပ်သမားစရိတ်တိုးမြှင့်ပေးရတာတွေကြောင့် ဆားကြမ်းဈေးနှုန်း တစ်ပိဿာ အနည်းဆုံး ၁၅၀ ကျပ် ပေါက်ဈေးရှိမှပဲ ဆားကြမ်းကိုရောင်းနိုင်မယ့် အနေအထားမျိုးရှိပါတယ်။ အခုဆားကြမ်းပေါက်ဈေးက တစ်ပိဿာကို ၁၀၀ ကျပ်နဲ့ ၁၃၀ ကျပ်လောက်ပဲ ဈေးရတော့ ဘယ်လိုမှ ရောင်းမရဘူး” ဟု ၎င်းက ပြောသည်။

    ဆားအသစ်ထွက်သည့်ကာလတွင် ဆားစျေးကျလေ့ရှိသည့်အတွက် အချို့သော ဆားတောင်သူတို့က ဆားများ ထုတ်မရောင်းသေးပဲ သိုလောင်ထားကြသော်လည်း ငွေကြေးအခက်အခဲရှိသည့် ဆားတောင်သူတို့ကတော့  အကျစျေးနဲ့ပဲ ထုတ်ရောင်းနေကြရသည်ဟု ဆားတောင်သူတို့က ပြောသည်။

    “ပြီးခဲ့တဲ့ ဆားရာသီက ရာသီဥတုဒဏ်ကြောင့် ဆားကြမ်းအထွက်နှုန်းက ကျသွားတယ်။ ဒါပေမယ့် ဈေးနှုန်းက တစ်ပိဿာကို ကျပ် ၂၀၀ ဝန်းကျင်လောက်နဲ့သွားနေတော့ နည်းနည်းလေး ကာမိကြတယ်။ ဒီနှစ်ကတော့ မကာမိဘူး” ဟု ဆားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

    မွန်ပြည်နယ်အတွင်း နေလှမ်းဆားထုတ်လုပ်မှုလုပ်ငန်းကို မိုးအကုန် စက်တင်ဘာလလယ်ခန့်တွင် စတင်လုပ်ကိုင်ကြပြီး ဒီဇင်ဘာလနှင့် ဇန်နဝါရီတို့တွင် ဆားကြမ်းများစတင် ထုတ်လုပ်ကြလေ့ရှိကြောင်း သိရသည်။

    မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ပငကျေးရွာတွင် ဆားကွင်းဧကပေါင်း ၂၉၀၀ ခန့်ရှိပြီး၊ ရာသီဥတု မဖျက်ပါက ပုံမှန်အားဖြင့် ဆားပိဿာချိန် သိန်း ၃၀၀ ခန့်ထွက်ရှိနေသည်ဟု ဆားထုတ်လုပ်သူတို့ထံမှ သိရသည်။

    မွန်ပြည်နယ်တွင် ဆားထုတ်လုပ်မှုကို သံဖြူဇရပ်မြို့နယ် ပငကျေးရွာအပြင် ကျိုက္ခမီ၊ စက်စဲနှင့် ဝဲကလောင်းကျေးရွာတို့တွင်လည်း ဆားလုပ်ငန်းများ လုပ်ကိုင်လျှက်ရှိကြောင်း၊ ထို့အပြင် ရေးမြို့နယ်နှင့် ပေါင်မြို့နယ်တို့တွင်လည်း နေလှမ်းဆားထုတ်လုပ်ငန်းများရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks