spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းပါတီမှတ်ပုံတင် အသစ်တင်ခိုင်းမှု နိုင်ငံရေးပါတီများကို အကွဲအပြဲဖြစ်စေ

    ပါတီမှတ်ပုံတင် အသစ်တင်ခိုင်းမှု နိုင်ငံရေးပါတီများကို အကွဲအပြဲဖြစ်စေ

    -

    စစ်ကောင်စီက ပြဌာန်းလိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်သည် နိုင်ငံရေးပါတီများကို အကွဲအပြဲဖြစ်စေသည်ဟု နိုင်ငံရေးပါတီခေါင်းဆောင်တို့က ပြောသည်။

    နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ကြောင့် တိုင်းရင်းသားပါတီများ တစ်စုတစ်စည်းတည်း မဖြစ်တော့ကြောင်း မွန်ညီညွတ်ရေးပါတီ (MUP) မှ ပြော‌ရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက ပြောသည်။

    “အခုနိုင်ငံရေးပါတီ ဥပဒေက ဘာဖြစ်လဲဆိုရင် ပါတီငယ်တွေက အကွဲအကွဲ အပြဲပြဲဖြစ်သွားတယ်၊ နောက် ပြည်နယ်နဲ့ တိုင်းဒေသကြီး အဆင့်မှာပဲ ဝင်ပြိုင်လို့ရတယ်၊ တိုင်းရင်းသားပါတီတွေ တော်တော်များများကလည်း အကွဲအပြဲတွေ ဖြစ်သွားတာပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ မွန်ပဲဖြစ်ဖြစ်၊ ကရင်ပဲဖြစ်ဖြစ်၊ ရခိုင်ပဲဖြစ်ဖြစ်နော်၊ အဲဒါဆိုလို့ရှိရင် ပါတီ တစ်ခုတည်းတော့ မဟုတ်တော့ဘူး။ ပါတီ နှစ်ခု သုံးခုပေါ့နော်၊ ဥပမာ ရခိုင်ဆို ရန်ကုန်တိုင်းမှာလည်း ရခိုင်ရေးရာဝန်ကြီး ရှိတယ်ဆိုတော့ အဲဒါကို ရခိုင်မှာလည်း အဓိကပါတီဖွဲ့မယ့် သဘောရှိတယ်၊ ရန်ကုန်မှာ သီးသန့်ပါတီဖွဲ့ရမယ့် သဘော၊ ကရင်လည်း ဒီအတိုင်းပဲနော်၊ ကရင်က တနင်္သာရီ၊ မွန်၊ နောက်ပြီး‌တော ပဲခူး၊ ရန်ကုန် သီးခြားပါတီ ဖွဲ့ရမယ့် သဘောရှိတယ်၊ ဘယ်လို ပြောရမလဲ တိုင်းရင်းသားပါတီတွေက တစ်စုတစ်စည်းထဲ မဖြစ်ဘူးပေါ့၊ အဲဒါ အကွဲကွဲအပြဲပြဲဖြစ်လာတာပေါ့” ဟု ပြောသည်။

    ဥပဒေသစ် ပြဌာန်းချက်တွင် ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့်နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး တစ်သိန်း စည်းရုံးရမည်ဖြစ်ပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀  စည်းရုံးရမည်ဟု ပြဌာန်းပါရှိသည်။

    ပါတီစုံနိုင်ငံရေးစနစ်ကို ထူထောင်ရန် နိုင်ငံရေးပါတီများ အားကောင်းရန် လိုအပ်ပြီး ထိုမှတဆင့် ပါတီစုံစနစ်ဖြင့် တည်တည်ငြိမ်ငြိမ် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခု ဖြစ်လာမှာဖြစ်ကြောင်း၊ လက်ရှိ အနေအထားအရ နိုင်ငံ ရေးပါတီများအတွက် အခက်အခဲများစွာရှိသည်ဟု ရခိုင်အမျိုးသားပါတီ (ANP) မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောသည်။

    “ပါတီစုံနိုင်ငံရေးစနစ်ကို ထူထောင်ဖို့အတွက်ကတော့ နိုင်ငံရေးပါတီတွေ အားကောင်းဖို့ လိုတယ်၊ နိုင်ငံရေးပါတီတွေ အားကောင်းမှ အဲဒီနိုင်ငံက ပါတီစုံစနစ်နဲ့ တည်တည်ငြိမ်ငြိမ် ဖွံ့ဖြိုးတိုးတက်လာတဲ့ အခင်းအကျင်းတစ်ခုကို ဖန်တီးနိုင်မှာဖြစ်တယ်၊ အဲဒါကြောင့် လက်ရှိ လောလောဆယ်မှာ အခု ထုတ်ပြန်တဲ့ ဒီဥပဒေအရတော့က နိုင်ငံရေးပါတီတွေ အားကောင်းလာစေလိမ့်မယ်လို့ ကျနော်ကတော့ မသုံးသပ်နိုင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၉၀ ကျော်မှာ အများစုက‌တော့ အကျပ်အတည်း အခက်အခဲ ရောက်သွားပြီလို့ ပြောလို့ရတယ်၊ ပြီးရင် တချို့ပါတီတွေမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ ပါတီဝင်တွေ ပါတီတာဝန်ရှိသူတွေ အနေနဲ့တော့ အခု လက်ရှိထုတ်ပြန်တဲ့ ဥပဒေအရ နိုင်ငံရေးပါတီ လုပ်ငန်းစဉ်တွေကို စိတ်ပျက်မှုတွေ ရှိလာလိမ့်မယ်လို့ ကျနော်တော့ အဲဒီလို ခန့်မှန်းတယ်” ဟု ပြောသည်။

    စစ်ကောင်စီ ပြဌာန်းလိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်တွင် တည်ဆဲပါတီအားလုံး ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံတင် ပြန်တင်ရမည်ဟု ပြဌာန်းထားပြီး မှတ်ပုံပြန်မတင်သည့် ပါတီများသည် အလိုအလျောက် ပါတီဖျက်သိမ်းပြီးသား ဖြစ်သည်ဟုလည်း ဥပဒေသစ်တွင် ပြဌာန်းထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks