မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကျိုက္ကသာကျေးရွာအနီး ခလွန်ချောင်းကူးရထားလမ်းသံတံတား မိုင်းခွဲခံရပြီးနောက် ဇန်နဝါရီ ၂၇ ရက်နေ့မှစပြီး မော်လမြိုင်-ရန်ကုန် ရထားခရီးစဥ်များ တစ်ပတ်ခန့် ရပ်နားရမည်ဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီး တာဝန်ရှိသူတို့ထံမှ သိရသည်။
ဇန်နဝါရီ ၂၆ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့်က ခလွန်ချောင်းကူးရထားလမ်းသံတံတား မိုင်းထောင်ဖောက်ခွဲခံရပြီး တံတားနံရံ အက်ကွဲခြင်း၊ ရထားသံလမ်း ကွေးကောက်ခြင်း ဖြစ်သွားသည်ဟု ဒေသခံတို့ထံမှ သိရသည်။
မိုင်းခွဲခံရပြီး ပျက်စီးသွားသည့်အတွက် တံတားအား ပြန်လည်ပြင်ဆင်နိုင်ရန်အတွက် မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်များအား ယာယီရပ်ဆိုင်းထားရခြင်းဖြစ်သည်ဟု မော်လမြိုင်ဘူတာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“တံတားပြုပြင်ပြီးရင်တော့ ရထားပြန်လည်ပြေးဆွဲမယ့်ရက်ကို ပြန်လည်ကြေညာပေးသွားမှာဖြစ်ပါတယ်” ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ကားဖြင့် ခရီးသွားလာရာတွင် လုံခြုံမှုမရှိခြင်းနှင့် လမ်းတွင် အစစ်အဆေးများလာခြင်းတို့ကြောင့် ရထားခရီးစဥ်ကို ပိုမိုအသုံးပြုလာကြောင်း ယခုလို ရထားခရီးစဉ်များ ယာယီရပ်နားလိုက်သည့်အတွက် အခက်အခဲဖြစ်ကြောင်း ခရီးသွားတို့က ပြောသည်။
“ရထားနဲ့ ခရီးသွားရတာက အကုန်ကျသက်သာတယ်။ လောလောဆယ် Save ဖြစ်နေတုန်းပဲလေ။ ကားနဲ့ ရန်ကုန်သွားဖို့က လမ်းမှာက မကြခဏ ပစ်နေခတ်နေကြတော့ အန္တရာယ်အရမ်းများတယ်” ဟု ခရီးသွားပြည်သူတစ်ဦးက ပြောသည်။
ခလွန်ချောင်းကူးရထားသံတံတား မိုင်းပေါက်ကွဲမှုဖြစ်ပြီးနောက် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့တို့ ရထားသံတံတားအား ရှင်းလင်းစဉ် တံတားအား ဖောက်ခွဲရန်ပြင်ဆင်ထားသည့် မိုင်းအကြီးအရှည် (၄) လုံး၊ အသေး (၆၀) လုံး၊ သွယ်တန်းထားသော ဝါယာကြိုးများနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိ သိမ်းဆည်းရရှိခဲ့သည်ဟု စစ်ကောင်စီတပ်ဖွဲ့နှင့် နီးစပ်သူတို့ထံမှ သိရသည်။
မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းတွင် မိုင်းဆွဲခံရသည့်ဖြစ်စဥ် မကြာခဏဖြစ်ပွားလေ့ရှိပြီး၊ ရထားနှင့် ရထားသံလမ်း ပျက်စီးမှု ရှိသော်လည်း လူထိခိုက်သေဆုံးမှု မရှိဘူးလို့ ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။



