Sunday, April 12, 2026
More
    spot_img
    Homeသတင်းတိုက်ပွဲ နှင့် အုပ်ချုပ်ရေးမှုးအိမ်တို့ အား မီးတင်ရှို့ မှုကြောင့် ကမ်းနီအပါအဝင်  မွန်ရွာ (၉) ရွာမှ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ

    တိုက်ပွဲ နှင့် အုပ်ချုပ်ရေးမှုးအိမ်တို့ အား မီးတင်ရှို့ မှုကြောင့် ကမ်းနီအပါအဝင်  မွန်ရွာ (၉) ရွာမှ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ

    -

    ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ ကမ်းနီကျေးရွာဘက်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲ များအပြင် ဒလံဟု စွပ်စွဲခံရသော အုပ်ချုပ်မှုးအိမ်တို့ ကို ကရင်ပူးပေါင်းတပ်ဖွဲ့  မီးရှို့ ရာမှ မီးကူးစက်ခြင်းတို့ ကြောင့် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ကမ်းနီကျေးရွာတွင် ဇန်နဝါရီ ၂၃ ရက်နေ့ကစပြီး  စစ်ကောင်စီတပ်နှင့် ကရင်ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဇန်နဝါရီ ၂၆ ရက်နေ့အထိ တိုက်ပွဲဆက်ဖြစ်နေသည်ဟု ဒေသခံတို့က ပြောသည်။

    တိုက်ပွဲကြောင့် ကမ်းနီကျေးရွာနှင့် အနီးနားက သရက်တော၊ တံတားဦး၊ ကော့ကျိုက်၊ မိဂလုံ၊ ကော့ကာ ညောင်ရိပ်သာ၊ ကော့ခိုက် အစရှိသည့် ကျေးရွာ ၉ ရွာထက် မနည်းမှ ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးနေကြရသည်။

    “တိုက်ပွဲဖြစ်နေတာ ဒီနေ့ဆို ၄ ရက်ရှိပြီး၊ ပြောင်းရွှေ့နေရတာက ကမ်းနီရွာတစ်ရွာမှာ လူ ၄၀၀၀ လောက်ရှိတယ်။ ပြီးတော့ သရက်တော၊ တံတားဦး၊ သာယာဝတီ၊ ကော့ကျိုက်၊ မိဂလုံ၊ ကော့ကာ၊ ညောင်ရိပ်သာ၊ ကော့ခိုက် ကော့လယာ အဲဒီရွာတွေလည်း ပြောင်းရွှေ့နေရတယ်” ဟု ထွက်ပြေး တိမ်းရှောင်နေရသူတွေကို ကူညီပေးနေသည့် ဒေသခံတစ်ဦးက ပြောသည်။

    တိုက်ပွဲဖြစ်ပွားနေသည့် ကမ်းနီကျေးရွာနှင့် ညောင်ရိပ်သာကျေးရွာတို့တွင် အုပ်ချုပ်ရေးမှူးအိမ်အပါအဝင် နေအိမ်အလုံး ၃၀ ထက်မနည်း မီးလောင်သွားပြီး ကျည်ထိပျက်စီးသွားသည့်နေအိမ်များလည်း ရှိနေသည်ဟု  ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

    “အိမ်မီးလောင်ဖြစ်စဥ်က သူတို့ပြောတဲ့ ဒလန်ဆိုတဲ့အိမ်ကို ကရင်က မီးရှို့ရာကနေ ဒလန်မဟုတ်တဲ့အိမ်တွေကို မီးကကူးစက်သွားပြီး လောင်ကုန်တာ၊ အားလုံး အိမ် ၂၄ လုံးလောင်သွားတယ် ကမ်းနီမှာ ပြီးတော့ လက်နက်ကြီးကျပြီး လောင်သွားတာက  ၂ လုံး၊ ဒီမနက်မှာက ညောင်ရိပ်သာမှာ နေအိမ်တွေ မီးလောင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

    ထွက်ပြေးတိမ်ရှောင်နေရသူများကို ကော့ကရိတ်မြို့နယ်အတွင်း ဘုန်းကြီးကျောင်းတွေမှာ စခန်းဖွင့်ပြီး နေရာချပေးထားကြောင်း တချို့ကလည်း မိတ်ဆွေ ဆွေမျိုးရှိသည့် မော်လမြိုင်၊ ဘားအံ၊ ဇာသပြင်ဘက်သို့ တိမ်းရှောင်သွားသည်လည်းရှိနေသည်ဟု သိရသည်။

    တိုက်ပွဲပြင်းထန်နေသည့် ကမ်းနီကျေးရွာဝန်းကျင်တွင် ဇန်နဝါရီ ၂၅ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်လည်း ရှိသည်။

    ကျုံဒိုးမြို့နယ် ကမ်းနီကျေးရွာဘက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်စဥ်တွင် နှစ်ဖက်စလုံးက ထိခိုက်သေဆုံးမှုရှိနေသည်ဟု သိရသော်လည်း အရေအတွက်အတိအကျကိုတော့ မသိရှိရသေးပါ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks