မွန်ပြည်နယ်၊ ရေးမြို့ရှိ မြို့နယ်ပညာရေးမှူးရုံးကို ယနေ့နံနက်ပိုင်းအချိန်တွင် ရာမညပြောက်ကျားတပ်ဖွဲ့ (YGF) တို့က မိုင်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၂၅ ရက်နေ့ နံနက် ၄ နာရီ ၅၀ မိနစ်အချိန်ခန့်က ရေးမြို့ အထက (၁) ကျောင်းနှင့် ကပ်လျက်ရှိသည့် မြို့နယ်ပညာရေးမှူးရုံးကို မိုင်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရာမညပြောက်ကျားတပ်ဖွဲ့ (YGF) ထုတ်ပြန်ထားသည်။
မိုင်ဖောက်ခွဲတိုက်ခိုက်စဥ် ပညာရေးမှူးရုံးအတွင်း စောင့်ကြပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့တို့နှင့် အပြန်အလှန်ပစ်ခတ်မှု ခဏတာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူများ ထိခိုက်နိုင်သည့်အတွက် ဆုတ်ခွာခဲ့သည်ဟုလည်း ဆိုသည်။
စစ်ကျွန်ပညာရေးစနစ်ကို အလိုမရှိသည့်အတွက် ယခုလိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ရာမညပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတို့က ထုတ်ပြန်ပြောဆိုထားသည်။
“စစ်ကျွန်ပညာရေးကို အကောင်အထည်ဖော် အသက်သွင်းနေတဲ့ သူတို့ရဲ့အကြံများ အထမမြောက်စေချင်သောကြောင့် အခုလို တိုက်ခိုက်ခြင်းဖြစ်တယ်” ဟု ရာမညပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတို့က ထုတ်ပြန်ပြောဆိုထားသည်။
ရေးမြို့နယ် ပညာရေးမှူးရုံး မိုင်းခွဲတိုက်ခိုက်သည့်ဖြစ်စဥ်တွင် ရာမညပြောက်ကျားတပ်ဖွဲ့ဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။
ရာမညပြောက်ကျားတပ်ဖွဲ့သည် ရေးမြို့နယ်အတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်ပြီး ရေးမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေ၊ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရုံးတွေနှင့် စစ်ကောင်စီဒေါက်တိုင်တွေကို မကြာခနပစ်ခတ်တိုက်ခိုက်လေ့ရှိသည်။



