မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်းဆုံနေရာတွင် ဇန်နဝါရီ ၂၅ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်က ဘုရားဖူးယာဉ်ပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။
ဘုရားဖူးယာဉ်ပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ယာဥ်ပေါ်ပါ အမျိုးသားတစ်ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတို့က ပြောသည်။
အဆိုပါ ဘုရားဖူးယာဥ်သည် Light Truck ယာဥ်အမျိုးအစားဖြစ်ပြီး မကွေးတိုင်းဒေသကြီး နတ်မောက်မြို့မှ လာကြောင်း ယာဉ်ပေါ်တွင် လူ ၁၂ ဦး စီးနင်းလိုက်ပါလာသည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“မုပ္ပလင်လမ်းဆုံနေရာမှာက စစ်ကောင်စီတပ်က လုံခြုံရေးဂိတ်နဲ့ ကင်းစခန်းတွေရှိတယ်။ ပစ်ခတ်တိုက်ခိုက်မှုတွေလည်း မကြာခဏဖြစ်တတ်တယ်။ ဒီနေ့မှာတော့ ဘာတိုက်ပွဲမှလည်း မရှိပဲနဲ့ကို ကားပေါ်ကို လက်နက်ကြီးကျည်ကျလာတာလို့ သိရတယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။
ဘုရားဖူးယာဉ်ပေါ် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက လူနာတင်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်-မော်လမြိုင် ကားလမ်းပိုင်းရှိ သထုံမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တို့တွင် ပစ်ခတ်တိုက်ခိုက်မှုတွေ၊ မိုင်းဆွဲတိုက်ခိုက်ခံရမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်နေ့ ညပိုင်းကလည်း သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာအနီး ရန်ကုန် – မော်လမြိုင်ကားလမ်းတွင် မိုင်းနှစ်လုံးပေါက်ပြီး ကုန်ပစ္စည်းများ တင်ဆောင်လာသည့် အန်စာတုံးယာဉ်တစ်စီး ထိခိုက်ပျက်ဆီးခဲ့သေးသည်။



