သုံးနှစ်နီးပါး ပိတ်ထားခဲ့သည့် ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတားကို ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်မှုများလုပ်ဆောင်နေကြောင်း မြို့ခံတို့ထံမှ သိရသည်။
မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတားအား ပြန်လည်ဖွင့်လှစ်နိုင်ရန် နှစ်နိုင်ငံတာဝန်ရှိသူများ ညှိနှိုင်းထားပြီးဖြစ်သည်ဟု သိရကြောင်းနှင့် ဇန်နဝါရီလ (၅) ရက်နံနက်ပိုင်းက မြဝတီခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ပြင်ဆင်နေမှုအခြေအနေကို လာရောက်စစ်ဆေးခဲ့သည်ဟု သိရကြောင်း မြဝတီမြို့ခံတစ်ဦးက ပြောကြားသည်။
“အသံတွေက အမျိုးမျိုးထွက်နေတယ်။ တချို့လည်း မနက်ဖြန် ဇန်နဝါရီလ (၆) ရက်ပြန်ဖွင့်ပြီးပေါ့နော်။ အဲ့ဒီလိုလည်း ပြောသံကြားနေတယ်။ တိတိကျကျတော့ မသိရသေးဘူး” ဟု အထက်ပါမြို့ခံက ပြောသည်။
မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတားအား ပြန်လည်ဖွင့်လှစ်ခဲ့ပါက မြဝတီမှ မဲဆောက်သို့ တရားဝင်မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်များကို သွားလာခွင့် ပြုမည်ဟုလည်း ကြားနေရကြောင်း မြဝတီမြို့ခံတို့က ပြောသည်။
မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတားကို Covid ကူးစက်ကပ်ရောဂါအခြေအနေကြောင့် ၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလမှစကာ ခရီးသည်နှင့် မော်တော်ယာဉ်များ သွားလာမှုကို ပိတ်သိမ်းခဲ့သည်။
မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတား ပိတ်ထားစဥ် နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှု မရပ်တန့်စေရေး မြဝတီ-မဲဆောက် အမှတ် (၂) ချစ်ကြည်ရေးတံတားကနေ ကုန်သွယ်ခွင့်ပြုထားခဲ့ပြီး ခရီးသွားတွေကိုတော့ သွားလာခွင့် ပိတ်ပင်ထာခဲ့သည်။
မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတား မြဝတီဘက်ခြမ်းတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး တံတားထိပ်ရှိ စစ်ဆေးရေးဂိတ်အဆောက်အအုံတစ်ခုပျက်ဆီးသွားခဲ့သည့်အပြင် ပတ်ဝန်းကျင်ရှိ နေအိမ်အဆောက်အအုံအချို့နှင့် မော်တော်ယာဉ်အချို့လည်း ထိခိုက်ပျက်ဆီးမှု ရှိခဲ့သည်။