တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ ဝေဒီကျေးရွာတွင် ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်အချိန်ခန့်က မင်္ဂလာဆောင်အိမ်တစ်အိမ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ ၁၃ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူများအနက်မှ ခန္ဓာကိုယ်အောက်ပိုင်းတွင် ပြင်းထန်ဒဏ်ရာရရှိသည့် အမျိုးသမီး ၃ ဦးကို လူမှုကူညီကယ်ဆယ်ရေးအသင်းတို့၏ အကူအညီဖြင့် ထားဝယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟုလည်း သိရသည်။
“ဒီနေ့ မနက် (၈) နာရီလောက်က ဝေဒီမြို့ဟောင်းကျေးရွာ အရှေ့ပိုင်းက မင်္ဂလာဆောင်မှာ ဗုံးပေါက်မှုဖြစ်သွားတာပါ။ အမျိုးသမီး (၃) ယောက်က ဒဏ်ရာပြင်းထန်တယ်လို့ သိရတယ်။ နောက်ထပ် မင်္ဂလာဆောင်ကို လာရောက်ဝိုင်းဝန်းကူညီကြတဲ့ အမျိုးသား၊ အမျိုးသမီး (၁၀) ဦးထက်မနည်းလည်း ထိခိုက်ဒဏ်ရာတွေရသွားကြတယ်လို့ သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
မင်္ဂလာဆောင်အိမ် ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းက မည်သို့သော ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့သည်ကို မသိရသေးကြောင်း ဒေသခံတို့က ပြောသည်။
လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ – LLPDF ကတော့ လောင်းလုံမြို့နယ်၊ ဝေဒီကျေးရွာ မင်္ဂလာဆောင်အိမ် ပေါက်ကွဲမှုဖြစ်စဥ်သည် ၎င်းတို့အဖွဲ့နှင့် လုံးဝ သက်ဆိုင်မှုမရှိကြောင်း ထုတ်ပြန်ထားသည်။
၎င်းပြင် အဆိုပါ လုပ်ရပ်အပေါ် အပြင်းအထန်ရှုံချကြောင်းလည်း လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – LLPDF က ထုတ်ပြန်ထားသည်။
အဖက်ဖက်က ပျက်စီးယိုယွင်းလာနေသည့် စစ်ကောင်စီက တော်လှန်ရေးပုံရိပ်ကျဆင်းစေရန် နိုင်ငံအဝှမ်းတွင် နည်းလမ်းအမျိုးမျိုးဖြင့် လုပ်ဆောင်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ပြည်သူများ အထင်အမြင်လွဲမှားစေရန် လုပ်ကြံဖန်တီးမှုများရှိလာနေပြီးဖြစ်၍ ပြည်သူများအချိန်နှင့်အမျှ သတိရှိရန်နှင့် အလှူပွဲ မင်္ဂလာများ ပျော်ပွဲရွှင်ပွဲများ ကမ်းခြေနှင့် လူစုလူဝေးများ ရှောင်ရှားကြရန်လည်း လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။