မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ထန်းပင်ချောင်ကြီးကျေးရွာတွင် ယနေနံနက်ပိုင်းက မီးလောင်မှုကြောင့် နေအိမ် ၅ လုံး ပျက်စီးပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၁၀၀၀ ကျော်ရှိခဲ့ကြောင်း သိရသည်။
ယနေ့နံနက် ၇ နာရီ ၁၅ မိနစ်အချိန်ခန့်က ထန်းပင်ချောင်ကြီးကျေးရွာ ကမ်းနားပိုင်းရှိ ဦးရွှေထွန်းနေအိမ်တွင် ဘုရားမီးပူဇော်ထားသော ဖယောင်းတိုင်မီးမှတဆင့် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ရွာခံအမျိုးသားတစ်ဦးက ပြောသည်။
“ဘုရားမီးပူဇော်တဲ့ ဖယောင်းတိုင်ကနေ အောက်ခံပျဉ်ကို မီးစလောင်ပြီးတော့ ဘုရားစင်ကလည်း သစ်သားဆိုတော့ မီးက ဆက်ကူးကုန်တာ” ဟု ၎င်းက ပြောသည်။
မီးလောင်ကျွမ်းမှုကြောင့် ပျဉ်ခင်း အုတ်ကာ နေအိမ် ၅ လုံး မီးလောင်ပျက်စီးခဲ့ပြီး လူထိခိုက်မှု မရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ထန်းပင်ချောင်းကြီးကျေးရွာ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၁၀၀၀ ကျော် ရှိသည်ဟု ပေါင်မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။
မီးကို ပေါင်မြို့နယ်မီးသတ်တပ်ဖွဲ့၊ လူမှုကူညီရေး အသင်းအဖွဲ့၊ အရန်မီးသတ်ဝင်များနှင့် ရပ်ကွက်နေပြည်သူတို့၏ ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် တစ်နာရီအတွင်း မီးငြိမ်းနိုင်ခဲ့သည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တို့က ပြောသည်။
ပေါင်မြို့နယ်မှ ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက “မီးကိုတော့ တစ်နာရီအတွင်း အပြီးသတ် ငြိမ်းနိုင်ခဲ့တယ်။ ရပ်ကွက်ကလူတွေရာ မီးသတ်ကရော အကုန် ပူးပေါင်းလုပ်ဆောင်နိုင်ခဲ့တယ်”ဟု ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ ရက်နေ့နံနက်ပိုင်းကလည်း ပေါင်မြို့နယ် ဇင်းကျိုက်မြို့ ကွမ်းခြံကုန်းပိုင်းတွင် မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ပြီး နေအိမ် ၈ လုံး ပျက်စီးဆုံးရှုံးပြီး လူ ၄ ဦး သေဆုံးသွားခဲ့ရသည်။