မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက် သီရိမြိုင်ဈေးအနီးရှိ ရွှေဆိုင်တစ်ဆိုင် ဒီဇင်ဘာလ ၂ ရက်နေ့၊ နေ့လည်ခန့်က သေနတ်ဖြင့် ခြိမ်းခြောက်ပြီး ဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေသူတို့ထံမှ သိရသည်။
သီရိမြိုင်ရပ်ကွက်၊ သီရိမြိုင်ဈေးအနီးရှိ ရွှေအုန်းပင်ရတနာရွှေဆိုင်ကို ယနေ့ နေ့လည် ၂ နာရီအချိန်ခန့်က အသက် ၂၀ အရွယ်ခန့်ရှိ လူငယ်တစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်လာပြီး ဆိုင်ထဲဝင်ကာ ဆိုင်ရှင်ကို သေနတ်ထောက်ခဲ့သည်ဟု မျက်မြင်တွေ့ရှိခဲ့သူတို့က ပြောသည်။
“ဆိုင်ကယ်နဲ့ပဲ တစ်ယောက်ထဲလာတာ။ သေနတ်နဲ့ ထောက်ထားတော့ ဘယ်သူမှလည်း ဝင်မကူရဲဘူး။ ယူပြီးတာနဲ့ ချက်ချင်း မောင်းပြေးသွားတယ်” ဟု မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောသည်။
သေနတ်ထောက် ဓါးမြတိုက်သည့်ဖြစ်စဥ်တွင် ရွှေထည်ပစ္စည်းများ ပါသွားခြင်းမရှိပဲ ငွေကျပ် ၁၀ သိန်းကျော်ခန့်သာ ပါသွားသည်ဟု ရွှေအုန်းပင်ရွှေဆိုင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ရွှေဆိုင်ကို ဓါးမြတိုက်သူသည် ငွေများယူပြီး ဆိုင်ထဲမှ ထွက်လာချိန်တွင် အနားကပ်လာပါက သေနတ်ဖြင့် ပစ်မည်ဟု ဘေးပတ်ဝန်းကျင်ရှိလူတွေကို ခြိမ်းခြောက်ပြောဆိုကာ သီရိမြိုင်ဘုရားလမ်းဘက်သို့ ဆိုင်ကယ် မောင်းပြေးသွားကြောင်းလည်း မျက်မြင်တွေ့ရှိခဲ့သူတို့ကပြောသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သတ်ပြီး သက်ဆိုင်ရာထံ တိုင်ကြားထားပြီး ရွှေဆိုင် ဓါးပြတိုက်သူသည် လက်ရှိအချိန်ထိ လွတ်မြောက်နေဆဲဖြစ်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့်နှစ်ဆန်းပိုင်းခန့်ကလည်း မော်လမြိုင်မြို့ပေါ်က ရွှေဆိုင်တွေကို ဖုန်းဆက်ကာ ခြိမ်းခြောက် ငွေတောင်းသည့် ဖြစ်စဥ်များလည်း ဖြစ်ပွားခဲ့သေးသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မော်လမြိုင်မြို့တွင် ခိုးမှု လုယက်မှု များပြာလာကာ ခြိမ်းခြောက်ငွေတောင်းသည့်ဖြစ်စဥ်များ၊ အနုကြံစည်မှုများနှင့် လုယက်ပြီး လူသတ်သည့်ဖြစ်စဥ်များလည်း မကြာခနဖြစ်ပွားနေသည်ဟု မြို့ခံတို့ထံမှ သိရသည်။