မွန်ပြည်နယ် ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်တွင် တစ်ရက်အတွင်း မြန်မာစစ်တပ်နှင့်နီးစပ်သူ ၂ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။
ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာနေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီဝင်တစ်ဦးဖြစ်သည့် ဦးဖုန်းမြင့်ကျော်ဆိုသူကို နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် အမည်မသိ သေနတ်သမားနှစ်ဦးတို့က လာရောက် ပစ်ခတ်ပြီး သေဆုံးခဲ့ခြင်းသည်။
အဆိုပါ ဦးဖုန်းမြင့်ကျော်သည် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ကာ ချဲဖိုးလိုက်ကောက်နေစဥ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိခဲ့သူနှင့် နီးစပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။
“သူက ရွာကနေ အင်ဖလောင်းဘက်ကို ချဲဖိုးလာကောက်တာ။ လူနှစ်ယောက်က အနောက်ကနေ အနီးကပ် ပစ်သွားတာ။ သူ့ကို ဆေးရုံပို့သေးတယ်။ လမ်းမှာဆုံးသွားတယ်လို့ကြားတယ်” ဟု ၎င်းက လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးဖုန်းမြင့်ကျော်၏ ရင်ဘက်နှင့် ဦးခေါင်းတွင် ကျည်ထိမှန် ဒဏ်ရာရှိခဲ့ပြီး သေဆုံးသွားခြင်းဖြစ်သည်။
အလားတူ ကျိုက်ထိုမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ မိုင်းအောင်နေထွန်း (ခ) ရှမ်းလေးဆိုသူလည်း နိုဝင်ဘာ ၂၉ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်အချိန်ခန့်က ကျိုက်ပေါလောဘုရားလမ်းနှင့် ကံ့ကော်လမ်းမကြီးထောင့်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။
အဆိုပါ ရှမ်းလေးဆိုသူသည် ပစ်ခတ်သံကြားသောကြောင့် မြို့နယ်မှူးခြံဝင်းအတွင်း ပြေးဝင်စဥ် သေနတ်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပစ်ခတ်သူနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“သူနဲ့နောက်တစ်ယောက်နဲ့ပဲ လာတာက။ ပစ်သံကြားတော့ သူကဝင်ပြေးတာ။ မလွတ်ဘူး။ နောက် တစ်ယောက်က လွတ်သွားတယ်။ သေနတ်သံ ၅ ချက်လောက်တော့ကြားတယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
ရှမ်းလေးသည် ကျိုက်ထိုမြို့နယ်အတွင်း မီတာခမဆောင်သည့် နေအိမ်များကို မီးဖြတ်တောက်ခြင်း၊ မီတာခဆောင်အောင် ခြိမ်းခြောက်ပြောဆိုခြင်းများ လုပ်ဆောင်သည်ဟု ဒေသခံများက ပြောဆို သော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။
အဆိုပါပစ်ခတ်မှုများကို မည်သူ့အဖွဲ့က လုပ်ဆောင်သည်ကို တရားဝင် ထုတ်ပြန်လာခြင်း မရှိသေးပေ။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်းရှိ မြို့နယ်၊ ကျေးရွာတို့တွင် စစ်တပ်နှင့် နီးစပ်သူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ မကြာခဏ ပစ်ခတ်ရှင်းလင်းခံရလေ့ရှိသည်။
