Tuesday, March 10, 2026
More
    spot_img
    Homeသတင်းယခုနှစ် မိုးစပါး စျေးကောင်းရနေသော်လည်း တောင်သူတွေအတွက် တွက်ခြေမကိုက်ကြ

    ယခုနှစ် မိုးစပါး စျေးကောင်းရနေသော်လည်း တောင်သူတွေအတွက် တွက်ခြေမကိုက်ကြ

    -

    ယခုနှစ် မိုးစပါးပေါ်ချိန်တွင် စပါးစျေးကောင်းရနေသော်လည်း အထွေထွေကုန်ကျစရိတ်ကြီးမြင့်မှုနှင့် စပါးအထွက်နှုန်း နည်းပါးလာမှုတို့ကြောင့် မွန်ပြည်နယ်အတွင်းရှိ စပါးစိုက် တောင်သူအများအတွက် တွက်ခြေမကိုက်ဘူးလို့ တောင်သူတို့က ပြောသည်။

    မိုးစပါးပေါ်ချိန်တွင် မွန်ပြည်နယ်အတွင်း၌ စပါးအမျိုးအစားပေါ် မူတည်ပြီး စပါး တင်း ၁၀၀ လျှင် ကျပ် ၁၀ သိန်းနှင့် ၁၅ သိန်းအကြား ပေါက်စျေးရှိနေကြောင်း စပါးစျေးကွက်အတွင်းမှ သိရသည်။

     “စပါးစျေးကောင်းနေပေမယ့် ဒီနှစ်လည်း မကျန်ဘူးထင်တယ်၊ ဘာလို့လဲဆိုတော့ ဒီနှစ်က စပါးအထွက်လည်း မကောင်းဘူး၊ ပြီးတော့ ကုန်ကျစရိတ်ကလည်း ကြီးတယ်လေ ဒီနှစ်က မြေသြဇာဖိုး အလုပ်သမားဖိုးနဲ့ ဘာမှမကျန်တော့ဘူး” ဟု မုဒုံမှ တောင်သူတစ်ဦးက ပြောသည်။

    စပါးအထွက်များလာချိန်တွင် စပါးစျေးကျသွားမည်ကို စိုးရိမ်သည့်အတွက် စပါးအများစုက စပါးထုတ်ရောင်းနေကြသည်ဟုလည်း စပါးကုန်သည်တို့ထံမှ သိရသည်။

    ယမန်နှစ်က မိုးစပါးပေါ်ချိန်မှာ ဆန်ပျော့အုပ်စုဝင်တွေက စပါးတင်း ၁၀၀ လျှင် ကျပ် ၁၂ သိန်းခန့်သာ ရရှိခဲ့သည်ဟု စပါးတောင်သူ တို့၏ ပြောပြချက်အရ သိရသည်။

    “မနှစ်ကနဲ့စာရင် ဒီနှစ် စပါးပေါ်ချိန်မှာ ကုန်သည်တွေက စျေးကောင်းပေးပြီး လိုက်ဝယ်နေတယ်၊ ပေါက်စျေးကတော့ အစားစားရှိ တာပေါ့၊ ဆန်မာအုပ်စုက စျေးတမျိုး ဆန်ပျော့အုပ်က စျေးတမျို့ ပြီးတော့ ကိုယ့်စပါးကကောင်း မကောင်း စပါးက မိုးထိထားတဲ့စပါး လား အဲလိုရှိတယ်” ဟု စပါးကုန်သည်တစ်ဦးက ပြောသည်။

    မွန်ပြည်နယ်တွင် သထုံ၊ ပေါင်၊ မုဒုံနှင့် ချောင်းဆုံမြို့နယ်တို့တွင် စပါးအများဆုံးစိုက်ကြပြီး ပြည်နယ်အတွင်း၌ ရာဘာပြီးလျှင် စပါး အများဆုံး စိုက်ပျိုးကြသည်။

    မွန်ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုး ဧက ၇ သိန်းနီးပါးရှိပြီး စပါးကြမ်းအုပ်စုဝင် စပါး စိုက်ပျိုးမှု ၄၀ ရာခိုင်နှုန်းရှိကာ စပါးချောအုပ်စုဝင် စပါးစိုက်ပျိုးမှု ၆၀ ရာခိုင်နှုန်းရှိသည်ဟု မွန်ပြည်နယ်စပါးကုန်သည်များအသင်းထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks