
မွန်ပြည်နယ်တွင် တစ်ရက်အတွင်း နှစ်တစ်ရာကျော်သက်တမ်းရှိ ရှေးဟောင်းဘုန်းကြီးကျောင်းနှစ်ကျောင်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝဲဘို့တောင်ကျေးရွာ နှစ်တစ်ရာကျော်သက်တမ်းရှိ ဘုန်းကြီးကျောင်းသည် နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်က မီးလောင်းကျွမ်းမှုဖြစ်ပွားခဲ့သည်။
ဘုန်းကြီးကျောင်း မီးလောင်ကျွမ်းမှုကြောင့် ကျောင်းကြီးအတွင်းရှိပစ္စည်းများနှင့် အမိုးအကာများ မီးလောင်ကျွမ်းပျက်စီးသွားပြီး နံနက် ၉ နာရီခွဲလောက်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တို့မှ သိရသည်။
“မီးလောင်သွားတာက ဝါယာရှော့ဖြစ်သွားတယ်လို့ ပြောကြတယ်၊ ထိခိုက်ဒဏ်ရာရတဲ့လူတော့မရှိဘူး၊ မီးထဲပါသွားတဲ့ တန်းဖိုးတော့များတယ်” ဟု စေတနာလူမူကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ထိုအတူ မွန်ပြည်နယ်၊ သထုံမြို့နယ် သုဝဏ္ဏဝတီမြို့က နှစ်တစ်ရာကျော်သက်တမ်းရှိ သိမ်ဆိပ်ဘုန်းကြီးကျောင်းလည်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။
သိမ်ဆိပ်ဘုန်းကြီးကျောင်းသည် ပန်ကာ အပူလွန်ကဲရာမှ နိုဝင်ဘာလ ၈ ရက်နေ့ ည ၁၂ နာရီအချိန်ခန့်က မီးစတင်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး နံနက် ၂ နာရီအချိန်တွင် မီးငြိမ်သတ်နိုင်ခဲ့သည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တို့မှ သိရသည်။
“ပန်ကာကနေမီးစလောင်တာပေါ့ မီးထဲပါသွားတဲ့ တန်းဖိုးတော့ မသိဘူး၊ မီးလောင်တဲ့အထဲမှာ ကား နှစ်စီး၊ ဆိုင်ကယ် ၃ စီးတော့ ပါသွားတယ်” ဟု လူမူကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် နှစ်တစ်ရာကျော်သက်တမ်းရှိ ဝဲဘို့ဘုန်းကြီးကျောင်းနှင့် သိမ်ဆိပ်ဘုန်းကြီးကျောင်းတို့တို့ မြို့နယ်အတွင်းရှိ မီးသတ်တပ်ဖွဲ့၊ လူမှုကယ်ဆယ်ေရးအဖွဲ့နှင့် ဒေသခံတို့က ဝိုင်းဝန် မီးငြိမ်သတ်ခဲ့ကြသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။
