
မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့၌ နိုဝင်ဘာလ ၄ ရက် ညပိုင်းအချိန်တွင် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ကလေးငယ် အပါဝင် ဒေသခံအရပ်သား မိသားစုဝင် (၃) ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။
အဆိုပါ လက်နက်ကြီးကြောင့် ဒဏ်ရာရသွားသည့်သူများမှာ အသက် ၅၅ နှစ်အရွယ် အမျိုးသား ၁ ဦး၊ အသက် ၆ နှစ်နှင့် ရ နှစ်အရွယ်ရှိ မိန်းကလေး (၂) ဦးတို့ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ဒေသခံတွေဘက်ကတော့ လက်နက်ကြီးကျည်တွေဟာ ခေါဇာအခြေစိုက် ခလရ (၃၁) စစ်ကောင်စီတပ်ရင်းကနေ တစ်ဖက်သတ် ပစ်ခတ်တာလို့ ပြောဆိုနေကြပါတယ်။
"လက်နက်ကြီးက ရွာထဲကို ၅ ချက်လောက်ကျတယ်၊ လက်နကၛယ်တွေနဲ့လည်း ဆက်တိုက်ပစ်နေတာ၊ တိုက်ပွဲဖြစ်တာနဲ့ တူမနေဘူး၊ ဒီအတိုင်းပဲ သူတို့ (ခလရ-၃၁ တပ်ရင်း) ပစ်တယ်လို့ ယူဆရတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်နက်ကြီးကျည်စ ထိမှန်မှုကြောင့် မိန်းကလေးငၛယ် (၂) ဦးတို့မှ မျက်နှာတွင် အနည်းငယ် ထိခိုက်ဒဏ်ရာရရှိပြီး ခန္ဓာကိုယ်ထဲ ကျည်စထိဝင်သွားတဲ့အမျိုးသားတစ်ကိုတော့ လူမှုကယ်ဆယ်ရေးအဖွဲ့ အကူအညီနှင့် ရေးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်နေ့ကလည်း ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့မရဲစခန်းကို မွန်ပြည်ကာကွယ်ရေးတပ် (တောင်ပိုင်း) MSDF-S တပ်ဖွဲ့က လာရောက်ပစ်ခတ်သည့် ဖြစ်စဉ်ရှိခဲ့သည်။
ခေါဇာမြို့သည် ရေးမြို့တောင်ဘက် ၂၄ မိုင်အကွာတွင်တည်ရှိရာ ၂၀ဝဝ ခုနှစ်နောက်ပိုင်းတွင် ခလရ ၃၁ တပ်ရင်းလာရောက် အခြေစိုက်ပြီးနောက် ကျေးရွာအုပ်စုမှ မြို့နယ်ခွဲအဆင့်သို့ တိုးမြင့်သတ်မှတ်ကာ ရဲစခန်းနှင့် အစိုးရရုံးများ ထားရှိခဲ့ခြင်းဖြစ်သည်။