spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသားကျန်းမာရေးဌာနမှ ပြည်သူ့ဆေးရုံကြီး စတင်ဖွင့်လှစ်

    မွန်အမျိုးသားကျန်းမာရေးဌာနမှ ပြည်သူ့ဆေးရုံကြီး စတင်ဖွင့်လှစ်

    -

    မွန်ပြည်သစ်ပါတီဗဟို ကျန်းမာရေးဌာနမှဦးစီးပြီး  ပထမဦးဆုံး ပြည်သူ့ဆေးရုံကြီးကို ရေးချောင်းဖျားဒေသရှိ ပနန်းပုံရွာတွင် အောက်တိုဘာလ ၂၇ ယမန်နေ့ နံနက်ပိုင်းတွင် ဆေးရုံဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

    ဆေးရုံဖွင့်ပွဲတွင် မွန်ပြည်သစ်ပါတီ ဥက္ကဌနိုင်ဟံသာ၊ အတွင်းရေးမှုးနှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ဆွမ်းကျွေး၊ ရေစက်ချအစီစဉ်များလည်း ပြုလုပ်ခဲ့ကြောင်း မွန်အမျိုးသားကျန်းမာရေးဌာနမှ တာဝန်ခံနိုင်သူရဌေးက ပြောသည်။

    “ဆေးရုံကတော့ အရင်ကတည်းကကို ရှိနေတာပဲ၊ ဒါပေမဲ့ ဆေးခန်းအဆင့်ကနေ ခေတ်မီတဲ့ဆေးရုံအဆင့်ကို ကျနော်တို့ ပြောင်းလဲလိုက်တာ၊ အရင်ကဆို ငှက်ဖျားနဲ့ ရိုးရိုးဖျားနာတွေလောက်ပဲကုနိုင်တာပေါ့။ အခုကျတော့ ခွဲစိတ်ကုသတာတို့ ဓါတ်ခွဲစစ်ဆေးတာမျိုးတွေ လုပ်နိုင်လာမယ်။ ပြောရမယ်ဆိုရင် တော်ရုံတန်ရုံရောဂါတွေထက်ကို ကုသနိုင်လာမယ်” ဟု ပြောသည်။

    ပနန်းပုံ ပြည်သူ့ဆေးရုံကြီးတွင် အခမဲ့စနစ်နှင့် ကုသပေးမည်ဆိုသော်လည်း ဆေးရုံရေရှည်တည်တံ့နိုင်ရေး၊စက်ပစ္စည်းထိန်းသိမ်းနိုင်ရေးအတွက် ဆေးကုသစရိတ်ကို ထိုက်သင့်သလိုကောက်ခံသွားမည်ဖြစ်ကြောင်း နိုင်သူရဌေးက ဆက်ပြောသည်။

    ဒါ့အပြင် ရေးချောင်းဖျားဒေသတွင် ယခုကဲ့သို့ ပြည်သူ့ဆေးရုံကြီး ပေါ်လာသည့်အပေါ် ကျန်းမာရေးနှင့် ပတ်သတ်ပြီး အများကြီး အထောက်အကူဖြစ်လာကြောင်း ပနန်ဗုံဒေသခံတစ်ဦးက ပြောသည်။

    “အများကြီးအကျိုးရှိလာတာပေါ့ရှင်၊ မီးဖွားတာတို့ ကလေးနေမကောင်းတာတို့ ဆိုရင်လည်း အဝေးကြီးသွားစရာမလိုတော့ဘူး။ မဟုတ်ရင် ရေးဆေးရုံထိသွားရမယ်ဆိုရင် ကားခကလည်းအများကြီးကုန်တယ်။ အခုလိုကျမတို့ဒေသမှာလည်း ခေတ်မီလာတော့ အရမ်းအဆင်ပြေတယ်” ဟု ပြောသည်။

    လက်ရှိမှာတော့ ပြည့်သူ့ဆေးရုံကြီးတွင် ဆရာဝန်နှင့် ဆေးဆရာ ၉ ဦး ဝိုင်းဝန်းတာဝန်ယူကုသပေးလျှက်ရှိပြီးခေတ်မီ ဒီဂျစ်တယ်စက်ကိရိယာများနှင့် ကုသပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

    မွန်ပြည်သစ်ပါတီလက်အောက်ရှိ မွန်အမျိုးသားကျန်းမာရေးဌာနကို လွန်ခဲ့သည့် ၁၉၇၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယခုနှစ် ၂၀၂၂ ခုနှစ်တွင် နှစ် ၅၀ ပြည့်မြောက်ခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။

    မွန်ပြည်သစ်ပါတီသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် မွန်လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks